ကန့်ဘလူနယ်က ရွာ ၁၆ ရွာကို စစ်သားနဲ့ပျူတွေမီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပျက်စီး

ကန့်ဘလူနယ်က ရွာ ၁၆ ရွာကို စစ်သားနဲ့ပျူတွေမီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာ ၁၆ ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကမီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကန့်ဘလူတိုက်နယ် တော်လှန်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၈ ရက်အထိ ကန်ု့ဘလူအခြေစိုက် ခမရ ၉၆၁ က စစ်သားတွေနဲ့ ဦးဝါသဝလက်အောက်ခံ ပျူစောထီးအင်အား ၁၆၀ ကျော်က သရက်ခေါင်းကျေးရွာကစတင်ပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

"ခုဆိုရင် စကစနဲ့ပျူစစ်ကြောင်းက ရွာစဥ်လှည့်မီးရှို့နေတာ နှစ်ပတ်လောက်ရှိပြီ။ တရက်ကို တရွာနှစ်ရွာ အဲ့လိုဝင်ရှို့နေတာ။ ရွာထဲဝင် အိမ်တွေကိုမွှေ လိုချင်တာယူပြီးရင် မီးရှို့နေတာ"လို့ ကန့်ဘလူတိုက်နယ် တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

သရက်ခေါင်း၊ မင်းကုန်း(က)၊ မဲသည်၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ်၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ကိုးမြို့၊ ဖလံချိုင်၊ တောင့်တည်းကုန်း၊ ငါးရာနဲ၊ ပေလည်၊ ဘိုတည်းကုန်း၊ ဘိုကုန်း၊ ဆူးဘုတ်ကုန်း၊ သပြေသာလေး စတဲ့ကျေးရွာတွေကို မီးရှို့ခဲ့တာပါ။ 

ခုလိုမီးရှို့ခဲ့လို့ သရက်ခေါင်းရွာက နေအိမ် ၇၁၊ မဲသည်ရွာက နေအိမ် ၄၀၊ ရှမ်းတပ်ရွာက နေအိမ် ၁၁၅၊ ဘိုကုန်းရွာက နေအိမ် ၇၄၊ ဆူးဘုတ်ကုန်းက နေအိမ် ၈ လုံးနဲ့ သပြေသာလေးရွာက နေအိမ် ၄၀ အပါအဝင် ကျေးရွာပေါင်း ၁၆ ရွာက နေအိမ် ၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ပျုစောထီအဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့တွေကို မထောက်ခံတဲ့ကျေးရွာတွေကို မီးရှို့ရှင်းလင်းဖို့ အမှတ် ၆၀၀၆ တပ်မှာ ဦးဝါသဝ ကဦးဆောင်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်မှာ အခုလိုရွာတွေကို မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။ 

အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ကန့်ဘလူမြို့နယ်တောင်ခြမ်းကို ပိတ်ဆို့ဖို့ပြင်ဆင်နေပြီး ပျုစောထီး အားကောင်းတဲ့ကျေးရွာတွေလည်း များလာတာကြောင့် ရေရှည်မှာ တော်လှန်ရေးအဖွဲ့တွေကို အားပေးတဲ့ကျေးရွာတွေကပိတ်မိပြီး ဒေသခံတွေမှာစားဝတ်နေရေး ကျပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၈ ရက်မှာတော့ အဲ့ဒီစစ်ကောင်စီနဲ့ပျူစောထီးစစ်ကြောင်းဟာ ငတိုကျေးရွာမှာ ယာယီတပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။ 

မီးရှို့ခံရတဲ့ကျေးရွာတွေက ဒေသခံ ၃ သောင်းကျော်လည်း ရွာကတိမ်းရှောင်နေကြရပြီး ရက်ရှည်စစ်ဘေးရှောင်နေရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေကြကာ ဖျားနာနေသူတွေလည်း အများအပြားရှိနေတယ်လို့ ကန့်ဘလူတိုက်နယ် တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ပုံစာ - ကန့်ဘလူမြို့နယ်ထဲမှ ကျေးရွာတချို့ကို စစ်တပ်ကမီးရှို့ခဲ့စဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #မီးရှို့ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10