ကန့်ဘလူနယ်၊ ကျေးရွာ ၄ ရွာက ဒေသခံ ၄၀ ခန့်ကို စစ်တပ်ဖမ်းဆီး၊ စစ်မှုထမ်းရန် ဖမ်းဆီးခြင်းဟုဆို

ကန့်ဘလူနယ်၊ ကျေးရွာ ၄ ရွာက ဒေသခံ ၄၀ ခန့်ကို စစ်တပ်ဖမ်းဆီး၊ စစ်မှုထမ်းရန် ဖမ်းဆီးခြင်းဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း သန္တီ၊ မိုးကြိုး၊ အုတ်ဖိုနဲ့ အုန်းတောကျေးရွာက ဒေသခံ ၄၀ ခန့်ကို စစ်ကောင်စီအဖွဲ့၀င်တွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၂ ရက် ညနေ ၃ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူ‌စောထီးအင်အား ၁၅၀ ခန့်ဟာ အဆိုပါကျေးရွာ ၄ ရွာကို အင်အားဖြန့်ခွဲဝင်ရောက်ပြီး ကျေးရွာတွင်းက အသက် ၃၀ နဲ့ ၄၀ ကြား အမျိုးသားတွေကို ဖမ်းသွားတာလို့ ဆိုပါတယ်။

"မိုးကြိုးနဲ့ အုန်းတောကဆို ၁၀ ဦးကျော်စီလောက် ပါသွားတယ်လို့ သိရတယ်။ ကျန်နှစ်ရွာတော့ ၇ ဦး ၈ ဦးစီလောက် ပါသွားတယ်။ စကစဘက်က အင်အားဖြန့်ခွဲပြီး တခါတည်းဝင်ဖမ်းသွားတာ။ ပုန်းနိုင်တဲ့သူတွေကတော့ လွတ်သွားတယ်"လို့ ဒေသခံတဦးကပြောပါတယ််။

ဖမ်းဆီးခံရတဲ့ အမျိုးသားတွေကိုတော့ စစ်ကောင်စီနဲ့ ပျူ‌စောထီးအဖွဲ့အခြေစိုက်ရာ ထန်းကုန်းစံပြကျေးရွာဘက်ကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အခု ၀င်ဖမ်းခဲ့တဲ့ ကျေးရွာ ၄ ရွာဟာ ယခင်က ပျူစောထီးအဖွဲ့တွေဖွဲ့ဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့ပေမယ့် လက်မခံခဲ့တဲ့ရွာတွေဖြစ်ပြီး စစ်မှုထမ်းဖို့အတွက်ဖမ်းခေါ်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဒါ့အပြင် အဆိုပါကျေးရွာတွေဟာ တော်လှန်ရေးအဖွဲ့တွေဘက်ကိုလည်း အားမပေးသလို စစ်ကောင်စီကိုလည်း မထောက်ခံတဲ့ ကြားနေကျေးရွာတွေ ဖြစ်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီအလိုကျ ပျူစောထီး‌အဖွဲ့ဖွဲ့စည်းတာ၊ စစ်မှုထမ်းခေါ်ယူတာတွေကို ဘုန်းကြီးဦးဝါသဝက ဦးဆောင်လျက်ရှိပြီး " ပြည်သူ့စစ်မှုထမ်းဥပဒေက ရှောင်ပြေးလို့မရဘူး၊ သဘောပေါက်တယ်နော်။ " လို့ ဆိုကာ ဇွန်လဆန်းပိုင်းက စစ်တပ်၀ါဒဖြန့် ချန်နယ်တွေကနေတဆင့် ခြိမ်းခြောက်ခဲ့သေးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့အတွက် ဒေသခံတွေကိုအဓမ္မဖမ်းဆီးနေတာကြောင့် ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အတွင်းက ချောက်စောက်၊ သင်ပန်းတော၊ စန္ဒယား၊ တပေါင်၊ ရွှေပေါ်ကုန်း၊ ငှက်ပျောတောနဲ့ ကျောက်အိုင်ရွာတွေက ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထွက်ပြေးသွားသူ‌တွေရဲ့ နေအိမ် ၂၀ နီးပါးကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဖျက်ယူရောင်းစားတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံခဲ့ရသည့် တပ်သားသစ်များ။ (ဓါတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #ဖမ်း‌ဆီး #စစ်မှုထမ်း #ဒေသခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10