ကန့်ဘလူနယ်က ရွာ ၂ ရွာကို စစ်တပ်ကမီးရှို့ပြီး မီးလာငြိမ်းတဲ့ ရွာသားတွေကိုပါ သေနတ်နဲ့ပစ်နေ

ကန့်ဘလူနယ်က ရွာ ၂ ရွာကို စစ်တပ်ကမီးရှို့ပြီး မီးလာငြိမ်းတဲ့ ရွာသားတွေကိုပါ သေနတ်နဲ့ပစ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်ရွာနဲ့ ကျီစုရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရွာကိုမီးတင်ရှို့ခဲ့ကာ စစ်‌ကြောင်းထွက်ပြီအထင်နဲ့ မီးဝင်ငြိမ်းတဲ့ ရွာသားတွေကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ကာဘိုးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိစစ်ကြောင်းဟာ နိုဝင်ဘာလ ၂၂ ရက် ဒီကနေ့ မနက် ၁၀ နာရီလောက်က ကျောက်တိုင်ရွာကို မီးစတင်ရှိုခဲ့ပြီး၊ နေ့လည် ၁ နာရီလောက်မှာ ကျီစုရွာကို မီးဆက်ရှို့ကာ လက်ရှိအချိန်ထိလည်း မီးတင်နေတုန်းပဲလို့ ဒေသခံကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။ 

“မီးဝိုင်းကူငြှိမ်းဖို့သွားကြရာကနေ ပစ်ခံရတာ။ ရွာထဲဝင်စပဲ ရှိသေးတယ်။ တချို့ဆို မီးငြှိမ်းဖို့ ရေပုံးကို မကိုင်ရသေးဘူး။ ကင်းပုန်းကနေ ပစ်လိုက်တာ။ အဲ့ချိန်မှာ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြတာ။ တချို့မပြေးနိုင်တဲ့ ပြည်သူတွေကျ ရွာထဲမှာပိတ်မိကျန်ခဲ့တယ်။ သူတို့က တရစပ်ပစ်နေတော့ ကျနော်တို့လည်း ပြေးခဲ့ရတာ”လို့  ပြောပါတယ်။ 

လက်ရှိအချိန်ထိ ကျည်ထိမှန်ထားတဲ့ ပြည်သူ ၁၀ ဦးကျော်ရှိနေတယ်လို့ သိရပြီး၊ ၇ ဦးကိုတော့ ကယ်ထုတ်ထားနိုင်ခဲ့ကာ ရွာထဲမှာ နောက်ထပ်  ကယ်ထုတ်ရမယ့်လူတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ 

မီးလောင်တဲ့အချိန်မှာ အနီးကျေးရွာက ဒေသခံတွေလည်း လာရောက်ငြိမ်းသတ်နေတာကြောင့် ကျည်ထိမှန်တဲ့သူတွေက ဘယ်ရွာကလဲဆိုတာကို အတိအကျမသိရသေးသလို၊ အဲ့ဒီထဲမှာ ကာကွယ်ရေးရဲဘော်အချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ 

အများစုက ပေါင်နဲ့ ခြေထောက်မှန်တဲ့သူတွေဖြစ်ပြီး၊ ကျောဘက်မှာ ကျည်မှန်တဲ့သူကတော့ တဦးရှိတယ်လို့ သိရကာ၊ ၂ ရွာပေါင်း မီးလောင်ပျက်ဆီးတဲ့ နေအိမ်အရေအတွက်နဲ့ အနောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်နေတဲ့အတွက် နယ်မြေခံကာကွယ်ရေးအဖွဲ့တွေလည်း စောင့်ကြည့်နေကြရပြီး၊ အချိန်မရွေး ထိတွေ့တိုက်ပွဲလည်း ဖြစ်လာနိုင်တယ်လို့ အထက်ပါကာကွယ်ရေးရဲဘော်က ပြောပါတယ်။  

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10