ကန့်ဘလူနဲ့ခင်ဦးမှာ စစ်တပ်ကဗုံးကြဲလို့ ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

ကန့်ဘလူနဲ့ခင်ဦးမှာ စစ်တပ်ကဗုံးကြဲလို့ ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ခင်ဦးမြို့ နယ်မှာ စစ်ကောင်စီက အောက်တိုဘာ ၄ ရက် ဒီကနေ့မနက် ၅ နာရီကျော်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကပြောပါတယ်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို ဒီမနက်ပိုင်းမှာ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်မိန်းကလေး ၁ ဦး၊ ၈၀ ကျော်အရွယ် အဘွားအို ၁ ဦး၊ ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။ 

“အိပ်နေတဲ့အချိန် (ဗုံး)လာချတာ။ မထင်မှတ်ဘဲချလာတာဆိုတော့ ပြေးချိန်မရလိုက်ကြဘူး။ လူ ၅ ယောက်ဒဏ်ရာရပြီးတော့ နွား ၂ ကောင်သေတယ်။ အိမ်တွေလည်းပျက်စီးသွားတယ်။ ပျက်စီးအိမ် အရေအတွက်ကိုတော့ စာရင်းမကောက်ရသေးဘူး” လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကပြောပါတယ်။

အဲ့ဒီနောက် ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာကိုပါ စစ်ကောင်စီတပ်သားတွေက တဆက်တည်း ဒရုန်းနဲ့ဗုံကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ရေဦး-ခင်ဦး-ကန့်ဘလူစတဲ့မြို့နယ် ၃ မြို့နယ်အစပ်မှာရှိတဲ့ မုံလှကျေးရွာနဲ့ ဘူးကုန်းကျေးရွာတို့ကို ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဒရုန်း ၃ စီးနဲ့ တိုက်ပွဲမဖြစ်ဘဲဗုံးကြဲခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရခဲ့သူ ၅ ဦးထဲက အမျိုးသား ၁ ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ခွဲစိတ်ကုသနေရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲမဖြစ်ဘဲ ခုလိုဗုံးကြဲခဲ့တာကြောင့် လက်ရှိမှာ ခင်ဦးမြို့နယ်က အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မုံလှကျေးရွာနဲ့ ဘူးကုန်းကျေးရွာက ပြည်သူတွေလည်း ရွာကနေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

ပုံစာ - ကန့်ဘလူမြို့မှ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းအဖွဲ့အား တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ကန့်ဘလူ #ဒရုန်းဗုံးကြဲ #စစ်ကောင်စီ #ဒေသခံသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10