ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ဇီးကုန်းတိုက်နယ်နဲ့ ပေကြီးကျေးရွာတွေကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်မှာ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်ကျေးရွာရှိ လျှပ်စစ်ဓာတ်‌အားပေးစက်ရုံကို ကန့်ဘလူခရိုင် PDF တပ်ရင်းတွေက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ ငှက်ပျောတိုင်ရွာအနီးအနားက ကျေးရွာတွေကို အခုလို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီး စုစုပေါင်း ၅၀ ကျော်သေဆုံးပြီး တချို့က ဒဏ်ရာရ ထွက်ပြေးသွားကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

"ညနေ ၃ နာရီ၀န်းကျင်မှာ ရွာထဲကိုလက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ပြီး ၀င်တယ်။ ၃ နာရီ ၄၅ မှာ မီး စရှို့တယ်။ တောက်လျှောက်စစ်ကြောင်းထိုးနေတော့ ပျက်စီးဆုံးရှုံးမှုကို သွားကြည့်လို့မရသေးဘူး" လို့ ပေကြီးဒေသခံအမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

ငှက်ပျောတိုင်းကျေးရွာအနီးရှိ ဇီးကုန်းတိုက်နယ်၊ ခအုံးတာ၊ ပေကြီးရွာအပါအဝင် ကျေးရွာ ၁၀ ကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်၀င်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၁ သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

အခု မီးရှို့တဲ့စစ်ကြောင်းဟာ ငှက်ပျောတိုင်းကျေးရွာကို စစ်ကူဖို့ ဇီးကုန်းသကြားစက်ဘက်မှ လာတဲ့စစ်ကြောင်းလို့ သိရပါတယ်။ 

ပေကြီးရွာဟာ ရွှေဘို - မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိပြီး အခုမီးရှို့ခံရမှုကို ပထမအကြိမ်မီးရှို့ခံရတဲ့ရွာဖြစ်တယ်လို့  ဆိုပါတယ်။ 

အောက်တိုဘာ ၉ ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းပစ်ကူ သုံးကြိမ် အသုံးပြုခဲ့ရာမှာ မနက်ပိုင်းတက်လာတဲ့ MI 35 လေယာဉ်ရဲ့ အနောက်ပိုင်းကို PDF တပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ရာတွင် ထိမှန်ခဲ့တဲ့အတွက် နမခတပ်ထဲကို မပြန်‌နိုင်တော့ဘဲ ကန့်ဘလူ ၆၀၀၆ အမြောက်တပ်အတွင်းကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ငှက်ပျောတိုင်းတိုက်ပွဲဖြစ်စဉ်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံက ၀န်ထမ်းနဲ့ မိသားစု၀င်တွေကို PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ငှက်ပျောတိုင်းရွာ #လျှပ်စစ်ဓာတ်အားပေးရုံ #PDF #တိုက်ပွဲ #စစ်ကောင်စီ #ပေကြီးရွာ #မီးရှို့ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10