သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇီးကုန်းသကြားစက်ဘက်က ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူအင်အား ၁၂၀ လောက်က မီးရှို့ခဲ့လို့ ကျောင်းကုန်းရွာက ပြည်သူပိုင်နေအိမ် ၄၃ လုံး၊ ဖိုလ်ကုန်းရွာမှ ၂၃ လုံးနဲ့ သပြေသာရွာမှ ၆၇ လုံး စုစုပေါင်း နေအိမ် ၁၃၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီတပ်သားတွေက ခုလို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စစ်ကြောင်းထိုးရာ ကျေးရွာတလျောက်က ဒေသခံတွေလည်း တိမ်းရှောင်နေကြရပြီး နိုဝင်ဘာ ၁၂ ရက်ဒီနေ့အထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ စစ်ရှောင်တွေနဲ့ မြို့နယ်ပကဖဆီက သိရပါတယ်။
"ပြန်တော့ မလာကြသေးဘူး။ ယောကျ်ားသား အနည်းအကျဥ်းလောက်က အိမ်ကပစ္စည်းတွေ ပျောက်မှာ ကြောက်လို့ပြန်နေကြတာ ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေကတော့ ပြန်မလာကြဘူး။ ကျနော်တို့ စိုးမိုးထားတဲ့ရွာတွေမှာပဲ အခြေပြုပြီး ခွဲပြီးနေနေကြသေးတာ"လို့ ကန့်ဘလူမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ရှောင်တွေအတွက် ဆန်တပိုင်း၊ တအိတ်လောက်သာကူညီသူရှိပြီး စစ်ရှောင်အရေအတွက်များတာကြောင့် လုံလောက်မှုမရှိသလို ရိက္ခာပါမလာတဲ့ မိသားစုတွေအနေနဲ့လည်း စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေပါတယ်။
"ပြန်လို့မရသေးဘူး။ (ဇီးကုန်း) မြို့ပေါ်မှာ စစ်ကြောင်းကရှိနေသေးတော့ ရှောင်နေရတုန်း။ စားသောက်ရေးကတော့ ကိုယ်ထူကိုယ်ထနဲ့ ဟိုရှာဒီရှာပေါ့။ ကန်စွန်းရွက်ခူး၊ ချဥ်ပေါင်ရွက်ခူးပေါ့။ အဲလိုပုံစံတွေနဲ့ စားရ သောက်ရတာ။ နေရေး ထိုင်ရေးကတော့ ရပ်ရွာမှာကပ်နေတော့ အဆင်ပြေတယ်။ စားရေးသောက်တာကတော့ အဆင်မပြေဘူး"လို့ သပြေသာရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ခမရ ၃၆၁ တပ်နဲ့ ပျူစောထီးအင်အား ၁၂၀ လောက်က ဇီးကုန်းမြို့ထွေအုပ်ရုံး၊ ရဲစခန်း၊ မြို့အနီးဝန်းကျင်တွေမှာ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကိုဝင်ပြီးမီးရှို့တာကြောင့် သပြေသာ၊ ဖိုလ်ကုန်း၊ ကျောင်းကုန်း၊ သပိတ်မှောက်၊ နဂါးပေါ်၊ လက်ထုပ်ကုန်း၊ လက်ဆယ်၊ ရေနက်ကုန်း ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၈ ရွာခန့်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေကြရတာပါ။
လက်ရှိဒေသခံတွေ ထွက်ပြေးနေရတဲ့ကျေးရွာတွေက ဇီးကုန်းမြို့နဲ့ ကပ်လျက်ကျေးရွာတွေဖြစ်တယ်လို့ သိရပြီး ခြေလျင်လျှောက်လာရင်တောင် ၁၀ မိနစ်အတွင်းရောက်နိုင်တဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ ကျီစုရွာနဲ့ ကျောက်တိုင်ရွာက ဘာသာရေးကျောင်းတွေနဲ့ နေအိမ် ၁၇၀ ကျော် မီးရှို့ခဲ့ပါသေးတယ်။
ပုံစာ - ကျောင်းကုန်းရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။(ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့။)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #မီးရှို့ #ဒေသခံ #တိမ်းရှောင်
Share Share Share