သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ အမျိုးသမီး ၃ ဦးအပါ စုစုပေါင်းဒေသခံ ၂၀၀ နီးပါးကို အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာလ ၄ ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူမြို့နယ်ပကဖဆီက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းလောက်မှာ ကာဘိုးကျေးရွာနဲ့ သဲကုန်းရွာဘက်ကနေထွက်လာတဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံပျူစောထီးတွေနဲ့ စစ်သားအင်အား ၅၀ ကျော်ပါစစ်ကြောင်းက ဘူကြီး၊ ကျီကုန်း၊ ထန်းကုန်း၊ ကိုင်းတော၊ လိတ္တူကျေးရွာတွေကို ဝင်ပြီး အမျိုးသားတွေကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
"ဘူကြီးရွာထဲကို ကားတွေနဲ့ဝင်လာပြီး ကျေးရွာမှာကျန်ရစ်ခဲ့တဲ့ပြည်သူတွေရယ် အနီးအနားက ပြည်သူတွေကို ခေါ်ပြီးတော့မှအစည်းအဝေးလုပ်တယ်။စစ်မှုထမ်းဖို့ခေါ်သွားတယ်လို့ သိရတယ်။ အကြမ်းနည်းနဲ့လည်းဖြစ်နိုင်တယ်။ အနုနည်းနဲ့လည်းဖြစ်နိုင်တယ်။ အဲ့ကနေပြီးတော့မှ ကာဘိုးတိုက်နယ်ထဲက ရွာတွေမှာလည်းခေါ်သွားတယ်"လို့ ကန့်ဘလူမြို့နယ်ပကဖပြန်ကြားရေး တာဝန်ခံကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ခေါ်သွားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသားတွေ ဖြစ်ပြီး ဘူကြီးရွာက ၅၀ ဦး၊ ကျီကုန်းရွာက ၃၀ ဦး၊ ထန်းကုန်း၊ ကိုင်းတော၊ လိတ္တူကျေးရွာတွေက ၂၀ ဦးကျော် ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံအမျိုးသားတွေကိုတော့ စစ်ကောင်စီစစ်ကြောင်းက အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲအခြေနေတွေကို ထပ်မသိရတော့ ဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်းကျောက်တိုင်၊ အိုင်ပေါင်းချောင်၊ ကျီစုရွာတွေကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီး အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ စုစုပေါင်း ၉၂ ဦးကို အမှတ် ၆၀၀၆ တင့်ကားတပ်ထဲကို ဖမ်းခေါ်သွားခဲ့ပါသေးတယ်။
အဖမ်းခံထားရတဲ့ ဒေသခံ ၂၀၀ နီးပါးဟာ နိုဝင်ဘာ ၅ ရက်နေ့ထိ ပြန်မလွတ်လာသေးဘူးလို့ ကန့်ဘလူမြို့နယ်ပကဖပြန်ကြားရေး တာဝန်ခံကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာက ဘာသာရေး အဆောက်အဦတွေနဲ့ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
လက်ရှိမှာ ဘုန်းကြီးဝါသဝလက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်ကောင်စီပူးပေါင်း စစ်ကြောင်း ၄ ကြောင်းက ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကြောင်းဖြန့်ထားတယ်လို့ သိရပါတယ်။
ပုံစာ - အိုင်ပေါင်းချောင်ရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်ပြီး ဒေသခံတွေကိုဖမ်းဆီးနေစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #စစ်ကြောင်း #ဒေသခံဖမ်းဆီး
Share Share Share