ကန့်ဘလူမှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ၁ နာရီကြာပစ်ခတ်၊ အမျိုးသမီး ၁၁ ဦးအပါ ဒေသခံ ၁၃ ဦးကို ဖမ်းသွား

ကန့်ဘလူမှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ၁ နာရီကြာပစ်ခတ်၊ အမျိုးသမီး ၁၁ ဦးအပါ ဒေသခံ ၁၃ ဦးကို ဖမ်းသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားငယ်ရွာနဲ့ နှောကုန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီက ရဟတ်ယာဥ်သုံးပြီး ၁ နာရီကျော်ကြာပစ်ခတ်ပြီးနောက် အမျိုးသမီး ၁၁ ဦးအပါအဝင် ဒေသခံ ၁၃ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခန့်မှာ ချပ်သင်းရွာဘက်ကနေ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်ဟာ ချပ်ကြီးရွာဘက်ကို စစ်ကြောင်းသွားနေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အခုလို လေကြောင်းကနေ အပစ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်ပြီး မိနစ် ၂၀ လောက်ပဲကြာမယ်။  Mi 35 တစီး ရောက်လာပြီး တောက်လျှောက်လိုက်ပစ်တာ။ လေယာဥ်လာတော့ ဒီဘက်က အဖွဲ့တွေက ငြိမ်နေလိုက်ရတယ်။ မဟုတ်ရင် ပြီးခဲ့တဲ့အခေါက်ကလို အများကြီးရှင်းနိုင်မှာ။ လေယာဥ်ကို ပြန်ပစ်စရာမှ မရှိတာ" လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ရဟတ်ယာဥ်နဲ့ လာမပစ်ခင် တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီးဘက်က ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူ များတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဟတ်ယာဥ်ဟာ တိုက်ပွဲဖြစ်ချိန် ၁ နာရီကျော်ကြာ လှည့်ပတ်ပစ်ကူပေးခဲ့ပြီး စစ်ကြောင်းဟာ ချပ်ကြီးရွာထဲရောက်တဲ့အထိ လှည့်ပတ်ပျံသန်းစောင့်ကြည့်ပြီးမှ ပြန်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ချပ်ကြီးဘက်ကို ဆက်ထွက်ချိန် ပုဏ္ဏားငယ်ရွာက အသက် ၂၀ မှ ၅၀ ကြားအရွယ်ရှိ ဒေသခံတွေဖြစ်တဲ့ ဦးမျိုးမြင့်၊ ဦးဌေးဝင်း၊ မချို၊ မရီဝင်း၊ မဝါဝါလှိုင်၊ မစိုးခိုင်၊ မချိုဦး၊ ဒေါ်ထွေးအပါအဝင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၂ ဦး စုစုပေါင်း ၁၃ ဦးကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဝင်လာတာကြောင့် ပုဏ္ဏားငယ်၊ နှောကုန်း၊ ချပ်သင်း၊ ချပ်လည်၊ ပင့်သာကြီး၊ လှည်းဘွဲ၊ ပိတောက်ပင်၊ အုတ်ခင်း၊ နဂါးပေါ်အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၅၀၀၀ ကျော်ဟာ ထွက်ပြေးနေရပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကလည်း ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘိုတိုက်နယ်ကြားမှာ အင်အား ၁၀၀ ကျော်ပါတဲ့ ပျူစောထီး စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၈၀ ကျော်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ 

ဒါ့အပြင် သေနတ်မျိုးစုံ ၅၉ လက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #ပုဏ္ဏားငယ်ရွာ #နှောကုန်းကျေးရွာ #စစ်ကောင်စီ #ရဟတ်ယာဥ် #အမျိုးသမီး #ဒေါင်းရာဇာချပ်သင်းအဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10