ကန့်ဘလူမှာ မိသားစုဝင် ၅ ဦး နေအိမ်မှာ အသတ်ခံရ

ကန့်ဘလူမှာ မိသားစုဝင် ၅ ဦး နေအိမ်မှာ အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ် ၂ ရပ်ကွက်၊ အင်ကြင်းဥယျာဥ်အနီးနေထိုင်တဲ့ မိသားစုဝင် ၅ ဦး သူတို့ရဲ့နေအိမ်မှာပဲ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဦးမြင့်ဆွေအပါအဝင် မိသားစုဝင် ၅ ဦးဟာ ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သြဂုတ် ၁၃ ရက်မနေ့ မနက် ၈ နာရီလောက်မှ နီးစပ်ရာမိသားစုအချို့က တွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာအသတ်ခံခဲ့ရလဲ ဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

"သိရသလောက် သူတို့က မြို့ပေါ်က ဟုတ်ဘူး၊ ရွာဘက်ကနေ လာရှောင်နေကြတာ။ သေဆုံးသူတွေထဲက မဖြိုးသီရီလှိုင်ဆိုတာက သားဖွားဆရာမလို့ သိရတယ်။ အသတ်ခံရတဲ့အထဲ မပါတာဆိုလို့  ၂ နှစ်ကျော်အရွယ် ကလေး ၁ ဦးပဲ လွတ်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးမြင့်ဆွေ ၄၆ နှစ်၊ ဇနီးဒေါ်ကြည်ဌေး ၅၅ နှစ်၊ သားဖြစ်သူ ကိုစိုးမြင့်လွင်ဦး ၃၂ နှစ်၊ ချွေးမဖြစ်သူ မဖြိုးသီရိလိူင် ၃၁ နှစ်၊ တူမဖြစ်သူ မမာမာလင်း ၃၈ နှစ်တို့ အသတ်ခံခဲ့ရကာ မမာမာလင်းရဲ့ ၂ နှစ်အရွယ် သမီးဖြစ်သူပဲ အသက်ရှင်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ မိသားစုဟာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ ဘူကုန်းကျေးရွာနေသူတွေဖြစ်ပြီး ကျေးရွာမှာ အခြေအနေမကောင်းလို့ မြို့ပေါ်တက်ကာ တိမ်းရှောင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်သတ်ဖြတ်မှုအပြီးမှာ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးပြီးနောက် အလောင်းတွေကိုတော့ ကန့်ဘလူမြို့နယ်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ အဆိုပါမိသားစုဝင် ၅ ဦးကို PDF တွေက ဝင်ရောက်သတ်ဖြတ်သွားတယ်ဆိုပြီး ရေးသားထားပါတယ်။

သို့သော် ဒီသတ်ဖြတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ခဲ့လဲဆိုတာကိုတော့ တိကျစွာ မသိရှိရသေးပါဘူး။ 

အလားတူ ဇန်နဝါရီ ၁၄ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ အစွန်ပိုင်းနေ ကျေးရွာ NLD ပါတီအမာခံ မိသားစုဝင် ၈ ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #မိသားစု၅ဦး #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10