ကန့်ဘလူမှာ လူနေအိမ်နဲ့ စစ်ရှောင်တဲ ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူမှာ လူနေအိမ်နဲ့ စစ်ရှောင်တဲ ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မကျီးကုန်းကျေးရွာနဲ့ ချောင်းခြားကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့လို့ လူနေအိမ်နဲ့ စစ်ရှောင်တဲ ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကန့်ဘလူခရိုင်၊ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၃ ရက် မနက် ၈ နာရီခန့်က စစ်ကောင်စီတပ်စွဲထားတဲ့ ချပ်ကြီးကျေးရွာကနေ ထွက်လာတဲ့ ပျူစောထီး၊ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ဟာ နေ့လယ်  ၁ နာရီကျော်မှာ မကျီးကုန်းရွာကို ရောက်လာပြီး လူနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် ညနေ ၄ နာရီခန့်မှာ ချောင်းခြားရွာဘက်ကို ဆက်လက်ထွက်ခွာသွားပြီး ရွာပြင်မှာရှိနေတဲ့ စစ်ရှောင်တဲတွေကို ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

"စကစ စစ်ကြောင်းထွက်လာတယ်လို့ သတင်းရကတည်းက ပြည်သူတွေက ကြိုပြေးနေရတာ။ ဒါတောင် မကျီးကုန်းမရောက်ခင် စစ်ကြောင်းပျောက်သွားလို့ ဒေသခံသခံတွေက ဘယ်ပြေးရမှန်းမသိဖြစ်သွားသေးတယ်။ ဒီဘက်က ဒေသခံတွေကတော့ စစ်ကြောင်းလာမယ့် လမ်းကြောင်းသိရတာနဲ့ ဘယ်ကို လွတ်အောင်ပြေးရမလဲ ဆိုတာ တွက်ချက်တတ်နေပြီ"လို့ ကန့်ဘလူခရိုင်၊ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မကျီးကုန်းရွာကို မီးရှို့ခဲ့ရာမှာ လူနေအိမ် ၉ လုံးနဲ့ စပါးကျီ ၅ လုံးပျက်စီးခဲ့သလို ချောင်းခြားကျေးရွာမှ စစ်ရှောင်တဲ ၂၅ လုံးလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းလာချိန်မှာ ပင့်သာ၊ မကျီးကုန်း၊ ချောင်းခြား၊ အင်းမ၊ ရှမ်းကုန်း၊ ဖလားယောက် ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးခဲ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ညတွင်းချင်း ချက်ကြီးရွာဘက်ပြန်သွားလို့ ဇူလိုင် ၄ ရက် ဒီနေ့မနက်မှာ  ဒေသခံ အများစုတွေဟာ ကျေးရွာကို ပြန်နေကြပြီလို့ သိရပါတယ်။

မေ ၁၁ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာနဲ့ ဖလံချိုင်ရွာတို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုး မီးဝင်ရှို့နေလို့ နေအိမ် ၁၀ လုံးခန့်နဲ့ စာသင်ကျောင်း ၂ ကျောင်း မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #မကျီးကုန်းကျေးရွာ #ချောင်းခြားကျေးရွာ #မီးရှို့ဖျက်ဆီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10