ကန့်ဘလူမှာ အုပ်ချုပ်ရေးမှူးအပါ ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

ကန့်ဘလူမှာ အုပ်ချုပ်ရေးမှူးအပါ ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး မိုင်းထိပြီး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန် ၂၀ ရက် မနက် ၇ နာရီခန့်မှာ နတ်ပေးကျေးရွာလမ်းပေါ်မှာ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းဝင်းမှာ မိုင်ထိဒဏ်ရာရာခဲ့လို့ နတ်ပေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းတို့ သွားရောက်စစ်ဆေးရာမှာ နောက်တလုံးထပ်မံပေါက်ကွဲပြီး ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"နတ်ပေးက ကန့်ဘလူမြို့နဲ့ သိပ်မဝေးဘူး။ စကစ ထိန်းချုပ်နယ်မြေထဲမှာ ရှိတယ်လို့ပြောရမယ်။ အမျိုးသမီးကြီးက လမ်းသွားရင်း အရင်ထိတာ။ အဲ့ဒါကို အုပ်ကြီးနဲ့အဖွဲ့က လာစစ်ချိန် ထပ်ထိတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့ အုပ်ချုပ်ရေးမှူးအပါ ၃ ဦးမှာ ခြေထောက်၊ လက်တွေနဲ့ ရင်ဘတ်တွေမှာ မိုင်းစမှန် မစိုးရိမ်ရဒဏ်ရာတွေ ရသွားလို့ ကန့်ဘလူဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ဒီမိုင်းတွေကို ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့လဲ ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကန့်ဘလူမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီ စစ်ကြောင်းထိုးချိန် ရွာတွေကို မီးရှို့နေတာတွေလည်း ရှိနေပါတယ်။

မတ် ၁၅ ရက် ညနေ ၆ နာရီခန့်မှာလည်း ချပ်ကြီးကျေးရွာရှိ ညောင်တုန်းဘုန်းကြီးကျောင်းမှ ဆရာတော်ဥူးသောဘနဟာ ချပ်ကြီးကျေးရွာအနောက်ဘက်ကို ခြေလျင်လမ်းလျှောက်သွားချိန် ပျူစောထီးတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေကျင်းဝတ်ပြတ် ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်းဒေသကြီး #ကန့်ဘလူမြို့နယ် #နတ်ပေးကျေးရွာ #အုပ်ချုပ်ရေးမှူး #မိုင်းထိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10