ကန့်ဘလူရှိ ရွာ ၂ ရွာမှာ စစ်ကောင်စီတပ်စွဲ‌ခဲ့ပြီး အမျိုးသား ၃ ဦးကို သတ်သွား

ကန့်ဘလူရှိ ရွာ ၂ ရွာမှာ စစ်ကောင်စီတပ်စွဲ‌ခဲ့ပြီး အမျိုးသား ၃ ဦးကို သတ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ဆီဆုံကြီးရွာနဲ့ ရွာသစ်ရွာကို စစ်ကောင်စီတပ်က ပစ်ခတ်၀င်ရောက်ခဲ့ပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာ ခင်ဦးနဲ့ မဒေါင်းလှရွာက ထွက်လာတဲ့ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ကျော်က အဆိုပါ ရွာ ၂ ရွာကို ၀င်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

"အဲဒီစစ်ကြောင်းက ရွာကို၀င်ပြီး တပ်စွဲတယ်။ ပြီးတော့ ရွာက အမျိုးသား ၃ ဦးကိုဖမ်းဆီးပြီး သတ်ထားခဲ့တာ‌ကို တွေ့ရတယ်" လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ စစ်ကြောင်းထိုးတဲ့ ရွာတွေဆီကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာတွေ စစ်ကြောင်းနဲ့တိုးတဲ့ ပြည်သူတွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်တာတွေ အမြဲပြုလုပ်လေ့ရှိတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ၄ ရက်တိတိ တပ်စွဲထားတဲ့ အဆိုပါတပ်သည် ဆီဆုံကြီးရွာမှ စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုနိုင်၀င်းအောင် ၃၇ နှစ်၊ ရွာသစ်ကျေးရွာက ဦးမောင်လွင် ၄၉ နှစ်နဲ့ ဦးထွန်းအောင် ၅၄ နှစ် တို့ကို ဖမ်းဆီးသတ်ဖြတ်သွားပြီး ရွာထဲက ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေ၊ စားသောက်ကုန်၊ အ၀တ်အစားနဲ့ ရေခဲသေတ္တာတွေပါမကျန် ခိုးယူသယ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကြောင်းဟာ ဩဂုတ်လ ၃၀ ရက် မနက် ၂ နာရီ၀န်းကျင်မှာ ထန်းကုန်းတိုက်နယ်၊ သရက်ခေါင်းရွာကို ပစ်ခတ်၀င်ရောက်ခဲ့တဲ့အတွက် ကျေးရွာ ၁၄ ရွာမှ ပြည်သူနှစ်သောင်းကျော် အရေး ပေါ် စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဆီဆုံ#ရွာသစ် #စစ်ကောင်စီ #တပ်စွဲ #သတ်ဖြတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10