ကန့်သက်ရွာဒေသခံ ၁၀၀ကျော်ကို စစ်တပ်ကဖမ်းဆီးထားပြီး ရွာကိုပိတ်ဆို့ထား

ကန့်သက်ရွာဒေသခံ ၁၀၀ကျော်ကို စစ်တပ်ကဖမ်းဆီးထားပြီး ရွာကိုပိတ်ဆို့ထား

မကွေးတိုင်း ဂန့်ဂေါခရိုင် ကျောမြို့အခြေစိုက် အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃) နဲ့ ကပ်လျက်မှာတည်ရှိတဲ့ ကန့်သက်ကျေးရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ဒေသခံ ၁၀၀ ခန့်ကို ရိုက်နှက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကန့်သက်ရွာရဲ့ အရှေ့ဘက်က စစ်အုပ်စုရဲ့စခန်းကုန်းတခု စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခံလိုက်ရပြီးတဲ့နောက် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ကန့်သတ်ကျေးရွာဒေသခံတွေကို စစ်အုပ်စုက ရွာပြင်ထွက်ခွင့်ပိတ်ကာ ရိုက်နှက်စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

"ရွာကို Lockdown ချထားတယ်။ ရွာသားတွေက အပြင်မထွက်ရဘူး။ ထွက်ရင်ပစ်မိန့်ပေးထားတာပေါ့။ အဲဒီအထဲက လူ၁၀၀ ဝန်းကျင်လောက်ကိုမှ ရိုက်နှက်ပြီးတော့မေးတယ်။ သတင်းပေးတယ်ဆိုပြီးတော့။" လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကန့်သက်ကျေးရွာဟာ စစ်အာဏာမသိမ်းမီက လူဦးရေ ၁၂၀၀ ကျော်နေထိုင်တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် ရွာခံပြည်သူတွေကို ပျူစောထီးသင်တန်းတွေဖိအားပေးတက်ခိုင်း လို့ ၂၀၂၂ ခုနှစ် အတွင်းမှာ ဒေသခံ ၈၀၀ လောက်က စစ်ရှောင်စခန်းမှာ သွားရောက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ကျေးရွာတွင်း ပြန်မနေရင် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေသိမ်းယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့လို့ ဒေသခံ ၃၀၀ ခန့် ပြန်လည်နေထိုင်နေတာကြောင့် လက်ရှိ ကန့်သက်ရွာမှာ လူဦးရေ ၇၀၀ခန့် ရှိနေတယ်လို့ စစ်ရှောင်စခန်းက ပြည်သူတဦးက ပြောပါတယ်။

"ရွာထဲမှာ သူတို့ကိုထောက်ခံတဲ့သူများတယ်။ အဲဒီအထဲကသူတို့ထောက်ခံသူ မဟုတ်တဲ့သူတွေကို ထင်ကြေးတွေနဲ့ စစ်မေးနေမယ်ထင်တယ်။"လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွာကိုပိတ်ဆို့ပြီးစစ်ဆေးနေတဲ့စစ်အုပ်စုက ကပစ ၂၃ ကို လုံခြုံရေးပေးနေတဲ့တပ်ဖွဲ့နဲ့ ထီးလင်းမြို့ကလာတဲ့ တပ်မ ၇၇ လက်အောက်စစ်ကြောင်းတပ်ဖွဲ့တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်၊ ကန့်သက်ကျေးရွာအရှေ့ဘက်က စစ်အုပ်စုရဲ့စခန်းကုန်းတခုကို စက်တင်ဘာ ၁၈ရက် မနက် ၄ နာရီကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်က ၃ ဦး သေဆုံးပြီး သေနတ် ၁၅ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ကပစ ၂၃ ဗိုလ်ကြီးတဦးနဲ့ ဒုတပ်ကြပ်တဦးတို့ ဂန့်ဂေါမြို့ကနေ ကပစ ၂၃ကို လစာနဲ့ ရိက္ခာထုတ်ပြီးပြန်လာတဲ့ စစ်တပ်ဖောကား တစီးတော်လှန်ရေးအင်အားစုတွေဆီမှာ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကြောင့် ကပစ ၂၃ရဲ့စက်ရုံမှူး ဗိုလ်မှူးကြီး ရဲရန်ပိုင် စုံစမ်းစစ်ဆေးခံခဲ့ ရသေးတယ်လို့ ကပစတပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မကွေးသတင်း #ဂန့်ဂေါ #ကပစ၂၃ #စစ်ကောင်စီတပ် #ဒေသခံ #၁၀၀ကျော် #ရိုက်နှက်စစ်ဆေးခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10