သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA အပေါ်ထားတဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီလို့ အောက်တိုဘာလ ၃၁ ရက် မနေ့ညပိုင်း စစ်တပ်ပိုင် မြဝတီရုပ်သံသတင်းကတဆင့် စစ်ကောင်စီက ထုတ်ပြန်ပြောဆိုလာပါတယ်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပိုင်းရှိ စစ်ကောင်စီတပ်ရဲ့ကန်တောင်ယန်စစ်စခန်းကို KIA တပ်နဲ့ ပူးပေါင်းအင်အားစုတွေက အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်ကောင်စီက ၄င်းတို့ရဲ့ ကန်တောင်ယန်တပ်စခန်း အင်အားအလုံးအရင်းနဲ့ အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရကြောင်း ဝန်ခံထားပြီး တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုထားသလို အောက်တိုဘာလ ၆ ရက်ကလည်း လဲလုံစခန်းကို KIA က ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ တိုက်ခိုက်မှုတွေမပြုလုပ်ဖို့နဲ့ ပြုလုပ်လာပါက သည်းခံနိုင်စွမ်း ကုန်ဆုံးပြီး သင့်လျော်တဲ့တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ နှစ်ကြိမ်တိုင်သတိပေးခဲ့ရာ အခု သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီလို့ ထုတ်ပြန်လာတာပါ။
ဒီလို မထုတ်ပြန်ခင်ကာလကတည်းက စစ်ကောင်စီအနေနဲ့ KIO ဌာနချုပ်အနီး လိုင်ဇာမြို့နဲ့ အနီးတဝိုက်ကို လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မနေ့ အောက်တိုဘာလ ၃၁ ရက် တရက်ထဲမှာဘဲ ညပိုင်းအထိ လေကြောင်းဗုံးကြဲမှု ၈ ကြိမ်လုပ်ဆောင်ခဲ့ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
"အရေးပါတဲ့ စခန်းလေးခုလုံးကို သိမ်းခံလိုက်ရတော့ နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲနေတာ။ မြေပြင် စစ်ကူလည်းမပေးနိုင်တော့ဘူး။ လေကြောင်းကနေပဲ တိုက်နိုင်တော့တယ်"လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က မြေလတ်အသံကိုပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ် - KIA ဟာ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေမှာ PDF တွေနဲ့အတူ ဦးဆောင်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို စစ်ရေးအရ အဓိက ပံ့ပိုးကူညီနေတာလည်း ဖြစ်ပါတယ်။
စာတည်း - ရင်ငြိမ်း၏
#မြေလတ်အသံ
#ကချင် #KIA #စစ်ကောင်စီ #ထုတ်ပြန်ချက် #စိတ်ရှည်သည်းခံမှု #ကုန်ဆုံး
Share Share Share