ကန်နီရွာကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ရက်အတွင်း ၅ ကြိမ်ကြားဖြတ်တိုက်ခံရ     ■ ၁၀ ဦးသေပြီး ၂၆ ဦးဒဏ်ရာရကြောင်းအတည်ပြုထားနိုင်ဟုဆို

ကန်နီရွာကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ရက်အတွင်း ၅ ကြိမ်ကြားဖြတ်တိုက်ခံရ  ■ ၁၀ ဦးသေပြီး ၂၆ ဦးဒဏ်ရာရကြောင်းအတည်ပြုထားနိုင်ဟုဆို

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှ ကန်နီ ပျူစောထီးကျေးရွာသို့ ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၁၇၀ နဲ့  ရိက္ခာကားတန်း ၈ စီးကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ဆီက သိရပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁၃ ရက်မှာ အင်းရောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်၊ ဝက်ခေါင်းကျေးရွာအနီးမှာ ၁ ကြိမ်၊ ကျောင်းကုန်းကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာ မြိုင်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျောင်းကုန်းကျေးရွာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

“၁၃ ရက်နေ့မှာပဲ ၃ ကြိမ် ဖြစ်ပြီးတော့ သူတို့ဘက်ကနေမှ တပ်သား ၅ ဦး သေဆုံးပြီးတော့ ၉ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒါကတော့ ကျနော်တို့ဘက်က အတည်ပြုနိုင်တဲ့ သတင်းပေါ့နှော” လို့ ကိုဘိုဘိုသန့်ဇင်က ဆိုပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၁၄ ရက်မှာ ကျောင်းကုန်းကျေးရွာနဲ့ ကန်နီ ပျူစောထီးကျေးရွာကြားမှာ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကန်နီကျေးရွာအနီးမှာလည်း ကာကွယ်ရေးအင်အားစုတွေ ထောင်ထားတဲ့မိုင်း နင်းမိပြီး စစ်ကောင်စီတပ်သား ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီနောက်မှာတော့ ကန်နီ ပျူစောထီးရွာထဲ ဝင်ခါနီးမှာပဲ နင်းမိုင်း နင်းမိပြီးတော့ ၂ ယောက် သေတယ်လို့ ကျနော်တို့ ဒါကတော့ အတည်ပြုနိုင်တဲ့ သတင်းပေါ့နော်၊ ကျနော်တို့ အတည်မပြုနိုင်တာကတော့ ဒီထက်များကောင်းလည်း များသွားနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်အတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။

မြိုင်နဲ့ ကန်နီကျေးရွာက ၇ မိုင်သာ ကွာဝေးပြီး သာမန်အရပ်သားဆို အလွန်ဆုံး ၃ နာရီ၊ စစ်သားခြေထောက်နဲ့ ဆို ၂ နာရီ လောက်သာ သွားရတဲ့ခရီးကို စစ်ကောင်စီရိက္ခာစစ်ကြောင်းက ၂ ရက် ကြာအောင်သွားယူရတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ စစ်ကြောင်းက ကန်နီကျေးရွာမှာပဲ ရှိနေပြီး ကားချို့ယွင်းမှုတွေကို ပြုပြင်နေတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာ မဟုတ်ဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုတွေကို အညာမြေတပ်ပေါင်းစုနဲ့ အတူ ပခုက္ကူခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇၊ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖ တပ်ရင်း၊ Pakokku Earthquake အဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေသခံ ပ.က.ဖ၊ ပ.အ.ဖတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၉ ရက်ကတည်းက ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အင်အား ၅၀၀ ပါ စစ်ကြောင်းဖြစ်ပြီး ၁၂ ရက်မှာ မြိုင်ကို ရောက်တယ်လို့ သိရပါတယ်။ တချို့တဝက်က မြိုင်ထဲမှာ ကျန်ခဲ့ပြီး  အင်အား ၁၇၀ က ၁၃ ရက်မှာ ကန်နီ ‌ပျူစောထီး ကျေးရွာကို သွားကာ ၁၄ ရက်မှ ရောက်တယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၅ ရွာ စစ်ရှောင်ခဲ့ရပြီး စစ်ကောင်စီတပ်သားတွေက လမ်း တလျှောက်ကျေးရွာတွေက နေအိမ်တွေကို မီးရှို့တာ၊ ပစ္စည်းတွေကို ခိုးယူတာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်ထဲမှာ ပျူစောထီးအားကောင်းတဲ့ရွာ ၅ ရွာ ရှိပြီး ပြီးခဲ့တဲ့နှစ် သြဂုတ် လပိုင်းမှာ ဝက်ပုတ်ရွာ၊ ဒီဇင်ဘာလပိုင်းမှာ သရက်ကွရွာကို သိမ်းခဲ့ပြီး ကန်နီ၊ သရက်ကန်၊ တောမ ၃ ရွာပဲ ကျန်တော့တယ်လို့ သိရပါတယ်။

“၁၂ လပိုင်း ၁၂ ရက်နေ့က သရက်ကွရွာကို သိမ်းခဲ့ပြီးတော့ ၈ လပိုင်းထဲတုန်းက ဝက်ပုတ် ပျူစောထီးရွာကို သိမ်းခဲ့တယ် ပြီးတော့ကျ ကိုင်းတောမ နယ်မြေရဲစခန်းကို သိမ်းခဲ့တယ်၊ ပြီးတော့ကျတော့ ရွာသစ်ကျေးရွာတိုက်ပွဲကို ဖော်ဆောင်ခဲ့တယ်၊ နောက်ပြီးတော့ကျ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်က ရေလာလေး ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တယ်၊ ဒါမျိုးတွေနဲ့ ဆိုတော့ ၂၀၂၄ နှစ်ကုန်ပိုင်းပေါ့လေ အဲ့ဒီမှာတော့ စစ်ရေးအရ တော်တော် အားသာရခဲ့ပါတယ်” လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာလည်း မြိုင်က ကန်နီ ပျူစောထီးကျေးရွာကို ရိက္ခာပို့သွားတဲ့စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“‌ရှေ့ဆက်ပြီးတော့လည်း ၂၀၂၅ မှာလည်း နယ်မြေတွေ ကျယ်ပြန့်လာအောင် ဒေသခံပြည်သူတွေရော၊ အဝေးက ပြည်သူတွေရောအားလုံး ဒီ့ထက်ပိုပြီး လုံခြုံတဲ့ ဘဝတွေကို နေထိုင်နိုင်အောင် အကောင်းဆုံးကြိုးစားသွားပါ့မယ်”လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ဖြည့်စွက်ပြောခဲ့ပါတယ်။

သတင်း - မြတ်သော်တာ၊ စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10