သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဌက်ပျောတိုင်းကျေးရွာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ငှက်ပျောတိုင်းရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၀ ရက်မနက် ၈ နာရီလောက်ကစပြီး ဒေသခံပူးပေါင်းတပ်ဖွဲတွေက ဒရုန်းဗုံးနဲ့စတင်တိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု စတင်ခဲ့တာလို့ဆိုပါတယ်။
"ဗုံးအရေအတွက်ကတော့ မပြောနိုင်တဲ့ထိပဲ။ သူဘက်ကလည်းချတာ။ ကိုယ့်ဘက်ကလည်း ချတာတွေကအကြိမ်ကြိမ်ချနေတာဆိုတော့ တနေ့လုံးလိုလို အားရင်ချဆိုတော့အကြိမ်ပေါင်းများစွာ ချကြတာ။ ကျနော်တို့ဘက်ကလက်နက်ကြီးတွေနဲ့ပစ်တာတွေလည်းရှိတယ်"လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဲ့ဒီနေ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ အတည်ပြုထားနိုင်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ငှက်ပျောတိုင်းကျေးရွာအနီးမှာ မိုင်းရှင်နေတဲ့စစ်ကောင်စီအဖွဲ့ ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရပြီး တပ်သား ၁ ဦးနဲ့ ပြည်သူ့စစ် ၁ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၁ ရက်မနက် ၉ နာရီလောက်မှာလည်းရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေထဲကတချို့ဟာ ရွာမြောက်ဘက်ရှိလျှပ်စစ်ရုံးကိုထွက်လာချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်နီးပါးတိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်းထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပေကြီးကျေးရွာဘက်ကနေ အင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာပြီး ငှက်ပျောတိုင်းကျေးရွာမှာ တပ်စွဲနေထိုင်နေကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းအထိ ရွာလျှပ်စစ်ရုံးနဲ့ကျေးရွာအစွန်ဘက်တွေမှာ စစ်ကောင်စီဘက်က ကင်းပုန်းချတပ်စွဲထားသေးတယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့စစ်ကြောင်းထိုးတာတွေကြောင့် ပေကြီး၊ ဌက်ပျောတိုင်း၊ ကွင်းကိုး၊ ယမနေအပါအဝင် ကျေးရွာ ၇ ရွာခန့်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ဆားကျင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်ကဒရုန်းဗုံးထိမှန်ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ကန့်ဘလူ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
Share Share Share