ကပစ ၁၅ က တပ်ကြပ်ကိုပစ်ခတ်ခဲ့စဉ် အရပ်သား ၁ ဦးကိုပါ မှားယွင်းပစ်ခတ်မိလို့ အောင်လံပကဖ တောင်းပန်    ◼ ဖြစ်စဉ်အပေါ် အပြစ်ပေးအရေးယူမှုတွေကို တာဝန်ယူမှု၊တာဝန်ခံမှုနဲ့ လိုက်နာဆောင်ရွက်သွားမယ်လို့ ဆို

ကပစ ၁၅ က တပ်ကြပ်ကိုပစ်ခတ်ခဲ့စဉ် အရပ်သား ၁ ဦးကိုပါ မှားယွင်းပစ်ခတ်မိလို့ အောင်လံပကဖ တောင်းပန် ◼ ဖြစ်စဉ်အပေါ် အပြစ်ပေးအရေးယူမှုတွေကို တာဝန်ယူမှု၊တာဝန်ခံမှုနဲ့ လိုက်နာဆောင်ရွက်သွားမယ်လို့ ဆို

 

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးရွာနဲ့အောင်မြင်ကုန်းရွာကြားမှာ အရပ်သား ၁ ဦးကို မှားယွင်းပစ်ခတ်ခဲ့မိတာကြောင့် နစ်နာသူမိသားစုနဲ့အတူဝမ်းနည်းကြောင်းနဲ့ မှားယွင်းပစ်ခတ်ခဲ့မှုအပေါ်တောင်းပန်ကြောင်း အောင်လံပကဖက မတ် ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မတ် ၂၆ ရက် မနက် ၆ နာရီ ၄၀ မိနစ်ခန့်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ ရွာမထုံးအခြေစိုက် ကပစ ၁၅ စစ်ကောင်စီတပ်က တပ်ကြပ် အဲဗားကြီး (ခ) ရဲဝင်းခိုင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အထက်ပါကျေးရွာ ၂ ခုအကြား စောင့်ဆိုင်းပစ်ခတ်စဉ် အဆိုပါတပ်ကြပ်ရဲ့အနောက်ကနေ ဆိုင်ကယ် ၁ စီး နဲ့ ကပ်လျက်လိုက်ပါလာတဲ့ ရွာမထုံးရွာသား ဦးအောင်သန်းဦး ကိုပါ မှားယွင်းပစ်ခတ်မိခဲ့တာလို့ ဆိုပါတယ်။

" ရွာမထုံးရွာထဲက ပျူစောထီးသင်တန်းတက်ထားတဲ့ ၁၁ ယောက်နဲ့မှားတာ။ ၁၁ ယောက်ထဲမှာ ပါတယ်ထင်လိုက်တာ ပစ်တဲ့ရဲဘော်တွေက။ လာတာလည်း ရဲဝင်းခိုင်(တပ်ကြပ်)နဲ့ တွဲလျက်လိုဖြစ်သွားတော့ ပျူစောထီးသင်တန်းတက်ထားသူလို့ ထင်လိုက်တာ။ ကျနော်တို့ဘက်လည်း မှားယွင်းပစ်ခတ်မိလို့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။"လို့ အောင်လံ မြို့နယ်ပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုပြုလုပ်ချိန် စစ်ကောင်စီတပ်ကြပ် အဲဗားကြီး(ခ)ရဲဝင်းခိုင်နဲ့ ဆိုင်ကယ်ရှေ့ဆင့်နောက်ဆင့်တွေ့ရခြင်း၊ ပျူစောထီးဟု ထင်မှတ်မှားပြီး ပစ်ခတ်မိလို့ ကာယကံရှင်မိသားစုနဲ့ထပ်တူဝမ်းနည်း၊ စိတ်မကောင်းခြင်းများစွာနဲ့တောင်းပန်ကြောင်း ညှိုးငယ်စွာအသိပေးအပ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပစ်ခတ်မှုအတွင်းသေဆုံးသွားခဲ့သူ ဦးအောင်သန်းဦးဟာ ပျူစောထီးသင်တန်းတက်ထားသူ ပျူစောထီးတပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သားပြည်သူတဦးသာဖြစ်တယ်လို့ သိရပါတယ်။

" ဦးအောင်သန်းဦး က မွေးမြူရေးလုပ်ကိုင်စားသောက်နေသူ တဦးပါ၊ အမေစုအတွက်ဆိုရင် အသက်ပါပေးရဲတဲ့သူ တယောက်ပါ။"လို့ ရွာမထုံးဒေသခံတဦးက ပြောပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေ့မှာ  အောင်မြင်ကုန်းရွာကနေ ကပစ ၁၅ ဘက်ကို ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက် ၄၀ ကျော် တပ်ကြပ် ရဲဝင်းခိုင်(ခ)အဲဗားကြီး နဲ့ နောက်ထပ်ဆိုင်ကယ် ၁ စီးနဲ့ တလမ်းတည်းမောင်းနှင်လာတဲ့ ကိုအောင်သန်းဦးတို့ ၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကာ တပ်ကြပ်ထံကနေ သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနဲ့ ကျည်ဆံတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမှားယွင်းပစ်ခတ်မှုခဲ့မှုမှာ ပါဝင်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေကိုလည်း အပြစ်ပေးအရေးယူမှူတွေကို တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်သွားမယ်လို့ အောင်လံပကဖက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာထိပ်ရှိ ဦးလောကြီးစားသောက်ဆိုင်အရှေ့ကွမ်းယာဆိုင်အနီးမှာ သမ္ဘူလတိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အောင်လံ #အောင်လံပကဖ #တောင်းပန် #အရပ်သား #ပစ်ခတ်သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10