သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမအုပ်စု၊ ကျွန်းချောင်းရွာကိုလာတဲ့ ကပစ ၂၁ က စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့လယ် ၂ နာရီဝန်းကျင် စစ်သားတွေက ကျေးရွာထဲကိုဝင်ရောက်ချိန်မှာ မိုင်းကြီး ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ ကျွန်းချောင်းရွာအလယ်ခေါင်မှာ မိုင်းဆွဲခဲ့တာ၊ ၄ ယောက်ကတော့ သေဆုံးတယ်”လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဗိုလ်မိုင်းရှင်းက ပြောပါတယ်။
စုစုပေါင်းစစ်သားအင်အား ၁၅၀ ပါဝင်ကာ ၁၀၀ လောက်က ကျေးရွာတဝိုက်မှာ စောင့်ကာ ၄၀ ဝန်းကျင်ကပဲ ကျေးရွာထဲကိုဝင်ရောက်လာတာဖြစ်ပြီး ဝင်လာတဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းဟာ ပုသိမ်-မုံရွာလမ်းစုံဘက်ကို ပြန်သွားကာ အလောင်းတွေကိုတော့ ကျေးရွာထဲမှာထားခဲ့တယ်လို့ ဗိုလ်မိုင်းရှင်းက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် စစ်သားတွေဝင်ရောက်လာချိန်မှာ ကျေးရွာသူ၊ ကျေးရွာသားတွေက ရွာက ထွက်ပြေးခဲ့ကြပြီး ဒီဇင်ဘာ ၆ ရက်မှ ရွာထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။ ဝင်ရောက်ချိန်မှာ စစ်သားအလောင်းတွေကိုတွေ့ရှိပြီး မီးရှို့သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကြောင်းဟာ ရွာကပြန်မထွက်ခင်မှာ ကျွန်းချောင်းရွာထဲက အိမ် ၂ လုံးကို မီးရှို့သွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမရဲစခန်းကို ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ရဲ ၂ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာ။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြူ #ကျွန်းချောင်းရွာ #မိုင်းဆွဲ #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်
Share Share Share