ကပစ ၂၁ လက်နက်စက်ရုံကို လက်လုပ်ရှော့ဒုံး ၂၅ လုံးနဲ့ ပစ်ခတ်၊ စက်ရုံအဆောက်အဦ ၃ ခု ထိမှန်ပျက်စီးဟုဆို

ကပစ ၂၁ လက်နက်စက်ရုံကို လက်လုပ်ရှော့ဒုံး ၂၅ လုံးနဲ့ ပစ်ခတ်၊ စက်ရုံအဆောက်အဦ ၃ ခု ထိမှန်ပျက်စီးဟုဆို

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းရွာအခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) ကို ဧပြီ ၅ ရက်မနက်အစောပိုင်းမှာ လက်လုပ်ရှော့ဒုံး Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F ဆီက သိရပါတယ်။

လက်နက်စက်ရုံတွေကို ဧပြီ ၅ ရက် မနက်အစောပိုင်း ၁ နာရီ ကနေ ၂ နာရီအထိ အချိန် ၁ နာရီ နီးပါးအကြာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်လုပ်ရှော့ဒုံး ၂၅ လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ ဗုံးသီးထုတ်လုပ်မှုတွေ ရပ်ဆိုင်းဖို့ ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးတာကတော့ လောလောဆယ်အတည်ပြုလို့ မရသေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့များတယ်လို့ သိရတယ်။ ပစ်ခတ်‌နေတုန်း စက်ရုံတွေထဲမှာ အော်ဟစ်ဆဲဆိုပြီး ပြေးလွှားနေတာတော့ရှိတယ်” လို့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F တပ်ဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် ကပစ ၂၁ အတွင်း ပြုလုပ်ဆဲလေယာဉ်ပစ်ဗုံးသီးတွေ သိုလှောင်ထားတဲ့ဂိုဒေါင်အဆောက်အဦ ၃ ခုကို ထိမှန်ပျက်စီးတယ်လို့ ပစ်ခတ်မှုဆောင်ရွက်ခဲ့တဲ့ B.H.S.R.F တာဝန်ခံက ပြောဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကပစ ၂၁ လက်နက်စက်ရုံဟာ စစ်ကောင်စီတပ်အတွက်လိုအပ်နေတဲ့ လေယာဉ်ပစ် Kg ဗုံးအမျိုးမျိုးနဲ့ ဆင့်ကွဲဗုံး(Cluster Bomb)တွေ အဓိကထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး၊ စက်ရုံအတွင်းမှာလေယာဉ်ပစ်ဗုံးထုတ်လုပ်တဲ့ စက်ရုံအဆောက်အဦ ၂၀ ခုထက်မနည်းရှိတယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီနေ့ မနက် ၉ နာရီကျော်မှာ စက်ရုံအဆောက်အဦတွေနဲ့အနီးတဝိုက် နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးအတွက်ဆိုကာ စစ်သုံးဖောကား ၁၀ စီး၊ အင်အား ၂၀၀ ဝန်းကျင်ဟာ ဆိပ်ဖြူမြို့ကနေ ကပစ ၂၁ ထဲကို အင်အားဖြည့်ရောက်ရှိလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဒီတိုက်ခိုက်မှုကို သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F နဲ့ စလင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဆိပ်ဖြူ #ကပစ၂၁ #ရှော့တိုက်ဒုံး #ပစ်ခတ်မှု #လက်နက်စက်ရုံ #အဆောက်အဦ #ထိမှန်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10