ကဗျာဆရာ ခက်သီ ကျဆုံးခြင်း ၃ နှစ်ပြည့် ဇာတိမြို့ပုလဲမှာပြုလုပ်၊ ကဗျာဆရာတွေရဲ့ သမိုင်းကိုထိန်းသိမ်းစေချင်တယ်လို့ဆို

ကဗျာဆရာ ခက်သီ ကျဆုံးခြင်း ၃ နှစ်ပြည့် ဇာတိမြို့ပုလဲမှာပြုလုပ်၊ ကဗျာဆရာတွေရဲ့ သမိုင်းကိုထိန်းသိမ်းစေချင်တယ်လို့ဆို

ကဗျာဆရာခက်သီ ကျဆုံးတာ ၃ နှစ်ပြည့်အနေနဲ့ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

ယနေ့ မေလ ၉ ရက်ဟာ ကဗျာဆရာခက်သီ ကျဆုံးတဲ့နေ့ဖြစ်ပြီး ပုလဲမြို့နယ်ထဲက တော်လှန်ရေးအင်အားစုနဲ့ ဒေသခံအချို့က ပူးပေါင်းပြုလုပ်ကြတာပါ။ 

အဲဒီလိုပြုလုပ်ရာမှာ လေကြောင်းရန်ကြောက်ရတဲ့အတွက် လူများများဖိတ်ကြားနိုင်တာမျိုး မရှိဘဲ အကျဉ်းရုံးပြီးသာ ပြုလုပ်ခဲ့ရတယ်လို့ အထိမ်းအမှတ်လှုပ်ရှားမှုကိုဦးဆောင်ပြုလုပ် သူတဦးဖြစ်တဲ့ ကိုအေကေက ပြောပါတယ်။

"အစီစဉ်ကိုတော့ လွန်ခဲ့တဲ့ ၃ လပိုင်းကတည်းကစီစဉ်နေတာပါ။ ဒီပွဲကိုတော့ ဒီထက်ပိုကြီးကြီးလုပ်ချင်တယ် လေကြောင်းရန်စိုးရိမ်ရတော့ အခွင့်အရေးကနည်းသွားတယ်။ တခြားကိုမဖိတ်နိုင်ဘူး လူအုပ်ကြီးနဲ့ လုပ်မရဘူးပေါ့" လို့ ကိုအေကေက ပြောပါတယ်။

ဒီအခမ်းအနား ပြုလုပ်ဖို့အတွက်  အဝေးရိပ် Indianapolis အဖွဲ့က ကူညီထောက်ပံ့ခဲ့တာဖြစ်ပြီး အမှတ်တရတီရှပ်မှာအသုံးပြုဖို့ ကဗျာဆရာခက်သီရဲ့ ပုံတူပန်းချီကိုတော့ ပန်းချီဆရာမ Thida Win Ag  က ရေးဆွဲပေးခဲ့တာလို့ သိရပါတယ်။

"ခက်သီရဲ့ကဗျာလို့ပေါ့ဗျာ သူတို့ကခေါင်းကိုပစ်တာ တော်လှန်ရေးက နှလုံးသားထဲမှာ ရှိတယ် ကိုခက်ရဲ့ကဗျာလို့ပဲ ကျနော်တို့ တော်လှန်တဲ့ပြည်သူရဲ့နှလုံးသားထဲမှာ တော်လှန်ရေးစိတ်ကတော့ အမြဲတမ်းရှိနေတော့ သူတို့အာဏာရှင်ကို ဘယ်တော့အရှုံးမပေးဘူးလို့ သဓိဌာန်ချထားတယ်" လို့ ကိုအေကေ ကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကဗျာဆရာခက်သီဟာ ရွှေဘိုနဲ့ ပုလဲနယ်က စစ်အာဏာသိမ်းမှုဖီဆန်ရေး လူထုလှုပ်ရှား မှုတွေမှာ ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။ ထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်သလို ထိရှပြင်းထန်လှတဲ့ တော်လှန်ကဗျာ စကားလုံးတွေ ကြောင့် စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံရသူလည်း ဖြစ်ပါတယ်။

ကဗျာဆရာခက်သီဟာ ၂၀၂၁ ခုနှစ် မေလ ၈ ရက်ည ၁၁ နာရီကျော်မှာ ရွှေဘိုမြို့မှာ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးတာကိုခံရပြီး ၂၄ နာရီမပြည့်ခင် မေလ ၉ ရက်မှာတော့ အလောင်းကိုပြန်ပေးခဲ့ကာ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အလောင်းရယူစဉ်မှာပင် ဦးခေါင်းက သွေးတွေယိုစီးနေခဲ့တယ်လို့ သိရပါတယ်။

"ကဗျာဆရာတွေကိုပြောချင်တာကတော့ တော်လှန်ရေးမှာ ခက်သီပေါ့နော် တကယ့်ကိုတော်လှန်ရေးမှာ လိပ်ပြာသန့်သန့်နဲ့လုပ်သွားတဲ့ ကဗျာဆရာမျိုးတွေအများကြီးပေါ်ပေါက်နိုင်ပါစေ။ ပြီးတော့ ခေတ်စနစ်ကြီးက တောင်းဆိုလာတဲ့အချိန် ကဗျာဆရာတွေ ရှေ့ကသမိုင်းအစဉ်လာကိုဆက်ထိန်းသိမ်းစေချင်တယ်" လို့ ကိုအေကေက ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10