ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး သေဆုံးကြောင်း ၃လကြာမှ မိသားစုကို အသိပေး

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး သေဆုံးကြောင်း ၃လကြာမှ မိသားစုကို အသိပေး

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး(နဂါးမာန်)သေဆုံးကြောင်းကို စစ်ကောင်စီဘက်က ဇူလိုင် ၁၁ ရက်မှာ မိသားစုကို ရဲစခန်းခေါ်ကာ အသိပေးခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူက သိရှိကြောင်း လက်မှတ်ထိုးခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦ်းက ပြောပါတယ်။

အခုနှစ် ဧပြီလ ၂၆ရက်က သေဆုံးခဲ့တာဖြစ်ပြီး မိသားစုကိုတော့ သေဆုံးပြီး ၃လကြာမှ ခေါ်ယူအသိပေးခဲ့ကာ ဖမ်း‌ဆီးစဉ်ထဲက တူးတူးနဲ့ ပတ်သက်သမျှ သတင်းတွေကို စုံစမ်းလို့မရဖြစ်နေပြီး ဘယ်ပုဒ်မတပ်ကာ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာလည်း မသိရဘဲ သတင်းအမှောင်ချခံထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

“စကစက တူးတူးကို ဖမ်းပြီးကတည်းက သူနဲ့ပတ်သက်တဲ့သတင်းတွေ အမှောင်ချခဲ့ပါတယ်။ ၄ လပိုင်းတုန်းက သေဆုံးကြောင်း သတင်းတွေ ထွက်လာတော့လည်း ကောလာဟလလို့ ထင်ရအောင် သတင်းအမှောင်ထပ်ချခဲ့တယ်။ မိသားစုက သူလွတ်မြောက်ဖို့ အသနားခံစာတင်မယ့်ကိစ္စ ကြိုးစားနေတုန်းမှာ သေဆုံးကြောင်း အသိပေးတာပါ။ တူးတူးသတင်းကို ဘာလို့ အမှောင်ချခဲ့မှန်းတော့ ခန့်မှန်းမရပါဘူး။” လို့ မိသားစုနဲ့ နီးစပ်သူတဦ်းက မြေလတ်အသံကို ပြောပါတယ်။

တူးတူး (နဂါးမာန်)နဲ့အတူ လူငယ် ၆ယောက်ကို ၂၀၂၂ခုနှစ် ဧပြီလ ၁၁ ရက်က မင်းဘူးခရိုင်  စကုမြို့၊ မင်းချောင်းတံတားအနီးက စားသောက်ဆိုင်မှာ ဖမ်းဆီးပြီးနောက် စစ်ကြောရေးကို ပို့ခဲ့တာဖြစ်ပြီး ဖမ်းမိချိန် ပစ္စတို ၅လက်၊ လက်ပစ်ဗုံး ၂လုံးနဲ့ ကျည်တချို့သိမ်းမိခဲ့တယ်လို့လည်း စစ်ကောင်စီထောက်ခံ ချန်နယ်တွေကနေ ဖော်ပြခဲ့ပါသေးတယ်။ 

တူးတူး(နဂါးမာန်)ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က သုဝဏ္ဍအမျိုးသားအားကစားရုံမှာ ကျင်းပခဲ့တဲ့  တတိယအကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ သြစတြေးလျနိုင်ငံသား ဘာဒါတိုကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း #တူးတူး #သေဆုံး #နဂါးမာန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10