ကမ္ဘာ့အပူဆုံးမြို့အဖြစ် ချောက်မြို့ထိပ်ဆုံးပြန်ရောက်၊ ၁ ရက်အတွင်း လူ ၆ ဦးသေဆုံးမှုရှိခဲ့

ကမ္ဘာ့အပူဆုံးမြို့အဖြစ် ချောက်မြို့ထိပ်ဆုံးပြန်ရောက်၊ ၁ ရက်အတွင်း လူ ၆ ဦးသေဆုံးမှုရှိခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်ဟာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ထိပ်ဆုံးကို ပြန်ရောက်လာပြီး နေ့အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ကျော်မှာ ရှိနေတယ်လို့ ElDorado Weather Site က ယနေ့ ဧပြီ ၂၈ ရက် ညနေ ၆ နာရီမှာထုတ်ပြန်ကြေညာပါတယ်။

ယမန့်နေ ဧပြီ ၂၇ ရက် ကစတင်ပြီး ချောက်မြို့ဟာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် နံပါတ်၂ နေရာကိုပြန်ရောက်လာပြီး နေ့အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်နဲ့ ဧပြီ ၂၆ ရက်ကလည်း ကမ္ဘာ့အပူဆုံးမြို့အဖြစ် နံပါတ် ၄ နေရာမှာရှိခဲ့တာပါ။

အပူချိန်မြင့်တက်နေလာတာနဲ့အမျှ သက်ကြီးရွယ်အိုသေဆုံးမှုတွေ ရှိလာပြီး ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် တရက်တည်းမှာပဲ လူ ၆ ဦးကို မြို့ခံနာရေးကူညီမှုအသင်းက သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ မြို့ခံအမျိုးသားတဦးကပြောပါတယ်။

"အရွယ်လွန်တွေ တိမ်းပါးကြတယ်။ ကြာသပတေးနေ့မှာ မြို့ခံနာရေးကူညီမှုအသင်းက ၆ ယောက် သင်္ဂြိုဟ်ပေးရတယ်။ နောက်နေ့မှာအကောင့်တခုက တနေ့တည်းအပူရှပ်တာ ၃၀ ကျော်ရှိတယ်လို့ တင်ပြန်တယ်။" လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

မြို့ပေါ်မှာတော့ အပူရှောင်စခန်းတည်ဆောက်ပေးတာနဲ့ အပူချိန်ပြင်းထန်မှုအတွက် သတိပေးတာမျိုးတွေလည်း မလုပ်ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

"အရင်နှစ်က ဒီလောက်မပူခဲ့ဘူး။ ကိုယ့်အိမ်မှာပဲ မြေကြီးပေါ်ရေဖျန်း စောင်တွေအဝတ်စိုတွေကာရပြီး နေနေကြရတယ်။ တချို့လည်း အရိပ်အောက်သစ်ပင်အောက်မှာ စုနေကြရတယ်။ ကလေးတွေထိခိုက်ခံရတာတော့ မကြားမိသေးဘူး" လို့ မြို့ခံတဦးကဆိုပါတယ်။

အပူချိန်မြင့်တက်နေပေမယ့် လူနေရပ်ကွက်နဲ့ အစွန်အဖျားရွာတွေဘက်မှာ မီးပေးမှုမမှန်ဘဲ ရေနံလိုင်းအိမ်ယာတွေဘက်မှာတော့ မီးအမြဲလာနေတယ်လို့ ပြောပါတယ်။

ချောက်မြို့ဟာ ဧပြီလ တလလုံးနီးပါး ကမ္ဘာအပူချိန်အမြင့်ဆုံးမြို့စာရင်းထဲမှာရှိနေပြီး အလားတူ မကွေး၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေးတို့ဟာလည်း ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ ရှိနေတာပါ။

ညောင်ဦးမြို့နယ်၊ ပုဂံဒေသမှာလည်း အပူချိန်မြင့်မားမှုနောက်ဆက်တွဲ မူးမေ့လဲတာ၊ သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေနဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ဘက်က စစ်ရှောင်တွေထဲက ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေဟာ နာမကျန်းမှုတွေဖြစ်နေကြပါတယ်။

ပုံစာ - ချောက်မြို့တွင်းနေရာများကို ဧပြီလအတွင်း မြင်တွေ့ရစဉ်။ (ဓါတ်ပုံ - ပေးပို့)

#မြေလတ်အသံ

#ချောက် #ကမ္ဘာ့အပူဆုံးမြို့ #သေဆုံး #BreakingNews #နေ့အပူချိန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10