ကမ္မကကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

ကမ္မကကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်နေတာကြောင့် ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ ဆီက သိရပါတယ်။ 

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကလာတဲ့ အင်အား ၁၂၀ ခန့်ဟာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းကစတင်ကာ ကမ္မမြို့နယ်၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး အနီးဝန်းကျင်ရွာတွေကို ၃ ရက်ကြာ လှည့်ပတ်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

“ စစ်ကြောင်းလာတဲ့ဘက်က ရွာတွေ အဓိကရှောင်ရတာပေါ့။ ပေါက်နဲ့မြိုင်နယ်ဘက်တွေကို ရှောင်နေရတယ်။ မြို့ပေါ်ရော၊ ရွာဘက်ရောဆို ဒေသခံ ၇,၀၀၀ ကျော်ရှိတယ်။” လို့  ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ကမ္မမြို့ပေါ်အပါအဝင် ညောင်ဂျစ်ပင်၊ ရေမျက် ၊ ရွာသာအေး၊ သစ်အိုင် ၊ အင်ကြင်းပင် ၊ ရေလာကြီး ၊ ဝက်ကျွန်းတွင်းနဲ့ ထန်းတပင်စတဲ့ကျေးရွာတွေက ဒေသခံ ၇,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်ရာနေရာတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ ကမ္မမြို့ရဲစခန်းကိုရောက်ရှိပြီး ရဲစခန်းအနီးဝန်းကျင်နေရာတွေမှာ တပ်စွဲနေရာယူထားတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ကမ္မ #စစ်ကြောင်းထိုး #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10