ကမ္မက ရဲတဦးကို ရဲစခန်းအနီးမှာ ပစ်ခတ်ပြီး သေနတ်ပါသိမ်းခဲ့

ကမ္မက ရဲတဦးကို ရဲစခန်းအနီးမှာ ပစ်ခတ်ပြီး သေနတ်ပါသိမ်းခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲက ထွက်လာတဲ့ ရဲတပ်သားတဦးကို စခန်းနဲ့ မီတာ ၁၀၀ ကျော်အကွာမှာပဲ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့အပြင် သေနတ်တလက်လည်း ရခဲ့တယ်လို့ People Defence Force-Kamma တပ်ဖွဲ့ရဲ့ ဒုခေါင်းဆောင်ကတဆင့် သိရပါတယ်။

ဇူလိုင် ၅ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်မှာ အဲ့ဒီရဲတပ်သားထွက်လာမယ့် လမ်းကြောင်းမှာ ကြိုတင်နေရာယူထားပြီး ရဲစခန်းထဲက ထွက်လာချိန် နောက်ကလိုက်ပြီး ပစ်ခတ်ခဲ့တာဖြစ်သလို အခုစစ်ဆင်ရေးအတွက် တပတ်လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ 

“အခင်းဖြစ်တဲ့နေရာနဲ့ ရဲစခန်းက လှမ်းမြင်နေရတာ၊ မဝေးဘူး၊ ရဲစခန်းနဲ့နီးနေတော့ အချိန်အများကြီးလည်း မရဘူး၊ အဲ့ဒီအတွက်ကြောင့် တောက်လျှောက်ပစ် သေနတ်ကောက်ပြီး တောက်လျှောက်ပြန်ဆုတ်လာတာ၊ သူ့ဘက်က ပစ်ချိန်ကို မရှိလိုက်ဘူး”လို့ တပ်ဖွဲ့ဒုခေါင်းဆောင် KOE က မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကမ္မရဲစခန်းက ရဲတပ်သားတဦးသေဆုံးပြီး အဲ့ဒီရဲကိုင်ဆောင်လာတဲ့ G3 တလက်၊ ကျည်ဘောက်တခု၊ ကျည် ၁၂ တောင့်နဲ့ ဖုန်းတလုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ ကမ္မမြို့ပေါ်မှာ အခုလို ပြောက်ကျားအနေနဲ့ ပစ်ခတ်ရှင်းလင်းတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့  သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် ညနေ ၅ နာရီကလည်း ပခုက္ကူကနေ မောင်းနှင်လာတဲ့ စစ်ကောင်စီသုံး ဖောကားတစီးကို ကမ္မ-တွင်းမ လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

 #မြေလတ်အသံ

#မကွေး #ကမ္မမြို့ရဲစခန်း #ရဲတပ်သား #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10