ကမ္မမှာ စစ်တပ်နဲ့ရဲအလင်းဝင်ဖို့သတိပေးတဲ့ ဗီနိုင်းကပ်ခံရပြီးနောက် မြို့ပေါ်ဗီနိုင်းဆိုင်က အမျိုးသမီး ၂ ဦးဖမ်းခံရ

ကမ္မမှာ စစ်တပ်နဲ့ရဲအလင်းဝင်ဖို့သတိပေးတဲ့ ဗီနိုင်းကပ်ခံရပြီးနောက် မြို့ပေါ်ဗီနိုင်းဆိုင်က အမျိုးသမီး ၂ ဦးဖမ်းခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ ဗီနိုင်းဆိုင်က အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့ People's Defense Force - Kamma အဖွဲ့ ထံက သိရပါတယ်။

ဇူလိုင် ၁၇ ရက် မနက် ၉ နာရီကျော်အချိန်မှာ ငွေရွှေဗွီနိုင်းဆိုင်က အမျိုးသမီးတွေဖြစ်တဲ့ မစိုးအိလှိုင်နဲ့ မအိအိလွင်တို့ ၂ ဦးကို ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကမ္မမြို့လယ်မှာ စစ်တပ်နဲ့ရဲ အလင်းဝင်ဖို့ သတိပေးဗီနိုင်းကပ်ခံရပြီးတဲ့နောက် အခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

"သူတို့က အဲ့ဒီဆိုင်ကို ဦးတည်ထားပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်။ အဓိက က ကမ္မမြို့မှာ စကစတပ်သားတွေနဲ့ ဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့  ဆိုင်းဘုတ်ဗီနိုင်းကို သူတို့လုပ်ပေးတယ်ဆိုပြီး ဖမ်းသွားတာ။ အမှန်တကယ်က သူတို့က ကျနော်တို့နဲ့ ပတ်သက်တာမရှိဘူး"လို့  People's Defense Force - Kamma အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ အမျိုးသမီး ၂ ဦးကို ကမ္မရဲစခန်းကို ခေါ်ဆောင်သွားပြီး ဗွီနိုင်းထုတ်စက်၊ ကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၄ ရက်ည ၈ နာရီခွဲလောက်က ကမ္မမြို့ရဲစခန်းနဲ့ တဖာလုံလောက်အကွာ စျေးအနီးလမ်းဆုံမှာ စစ်ကောင်စီကစိုက်ထူထားတဲ့ PDF တွေအလင်းဝင်ဖို့ ဝါဒဖြန့်ဆိုင်းဘုတ်ကို PDF တွေဘက်က မီးရှို့ခဲ့ပြီး အဲ့ဒီနေရာမှာ စစ်တပ်နဲ့ရဲအပါအဝင် စစ်ကောင်စီဝန်ထမ်းတွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်ဗီနိုင်းကို စိုက်ထူခဲ့တာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ကမ္မ #ဗီနိုင်းဆိုင်ရှင် #ဖမ်းဆီးခံရ #စစ်ကောင်စီတပ် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10