ကမ္မမှာ လေယာဉ်ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ‌ဦးသေဆုံး    ■ ငလျင်ဘေးသင့်နေချိန် ချောင်းဦးမှာ လေကြောင်းဗုံးကြဲခံရ

ကမ္မမှာ လေယာဉ်ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ‌ဦးသေဆုံး ■ ငလျင်ဘေးသင့်နေချိန် ချောင်းဦးမှာ လေကြောင်းဗုံးကြဲခံရ

 

မကွေးတိုင်း၊ ကမ္မမြို့နဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အရှေ့တောင်ခြမ်းနဲ့ အရှေ့မြောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

မတ် ၂၈ ရက်နေ့လယ် ၁၂ နာရီခန့်မှာ ဆားကျင်းကုန်းရပ်ကွက်အစွန်ရှိ ချမ်းစိမ့်တိုင်ရင်းဆေးဝါး ထုတ်လုပ်စက်ရုံထဲကို စစ်ကောင်စီက စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၃ လုံးကြဲချခဲ့တာလို့ဆိုပါတယ်။

"တိုက်ပွဲမရှိဘူး။ နယ်မြေစစ်ကြောင်းလည်း မရှိဘူး။ အလကားနေရင်း ဗုံးသီး ၃ လုံးချသွားတာ။ စက်ရုံအလုပ်သမားတွေနားရင်း ထမင်းစားတဲ့နေရာမှာကျတာ။ မနေ့ကတော့ ဗုံးကျပြီးတာနဲ့ ထိခိုက်သူတွေကယ်ထုတ်ပြီး ပြန်လွှတ်လိုက်ကြရတာ။"လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးကြဲခံရလို့ ပြည်အိုင်ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မဖြူဖြူဖွေး၊ ကမ္မရွာသစ်နေ အသက် ၄၈ ကျော်အရွယ် ဒေါ်ပွားပွားတို့ သေဆုံးပြီး ပြည့်အိုင်ရွာက နောက်ထပ်အမျိုးသမီး ၇ ဦးလည်း ဒဏ်ရာရရှိကာ အဲ့ဒီထဲက ၃ ဦးကတော့စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဗုံးကျပေါက်ကွဲခဲ့တဲ့ ချမ်းစိမ့်တိုင်းရင်းဆေးဝါးထုတ်လုပ်စက်ရုံမှာ ဝန်ထမ်း ၅၀ ကျော်ရှိနေပြီး မတ် ၂၉ ရက်အထိ စက်ရုံကို ပိတ်ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ချောင်းဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာ ၁ ကြိမ်၊ ည ၇ နာရီ ၄၄ မိနစ်မှာ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ် ရေပိုးစားရွာမှာ ၁ ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ 

“စစ်ကောင်စီက ဒီဘက်မှာ လေကြောင်းတိုက်ခိုက်မှု ၁ ရက်ခြား လုပ်နေတယ်၊ ပြည်သူထိခိုက်မှုတော့ မရှိဘူး။ မနေ့ကငလျင်လှုပ်ပြီးနောက်ပိုင်းမှာ စက်တပ်လေထီး (Paramotar) တက်လာတာ၊ ညပိုင်းကျမှပဲ ဗုံးကြဲချတာ၊ မုံရွာ နမခ က တက်လာတာ။” လို့ Chaung U People's Defence Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ချောင်းဦးလေကြောင်းတိုက်ခိုက်မှုမှာတော့ ဒေသခံတွေထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။ 

မနေ့ကမြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခန့်မှာ ရစ်ချာစကေး ၇.၇ ရှိအင်အားပြင် ငလျင်လှုပ်ခတ်လို့ နိုင်ငံတဝန်းထိခိုက်ပျက်စီးမှုတွေရှိနေချိန်မှာ ချောင်းဦးမြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ 

ခုလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အထက်တာဝန်ခံက “စစ်ကောင်စီကတော့ သဘာဝဘေးအန္တရယ်ကို ဘယ်သူတွေပဲ ရင်ဆိုင်နေရနေရ သူတို့အာဏာတည်မြဲဖို့ အစွန်းစုံလုပ်မှာပါ၊ နောက်ပြီးတော့ ငလျင်ကြောင့် မန္တလေးမှာလည်းပျက်စီးသွားတယ်၊ စစ်ကိုင်းမှာလည်း ပျက်စီးသွားတယ်၊ ငလျင်လှုပ်ပြီး နောက်ပိုင်းအခြေအနေတောင်မှ ကျနော်တို့ပြည်သူအပေါ်ကို ဖိနှိပ်တယ်၊ သူတို့ အာဏာတည်မြဲဖို့ ပြည်သူတွေဘယ်လောက်ဒုက္ခရောက်ရောက် ဒီကောင်တွေ သူတို့အာဏာတည်ဆောက်ဖို့ပဲ ဆက်လုပ်သွားမှာပါ။” လို့ သူက ဆက်ပြောပါတယ်။

ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးမြို့တို့မှာ လူသေဆုံးမှုနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှုများခဲ့ပြီး နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁,၀၀၂ ဦးနဲ့ ဒဏ်ရာရရှိသူစုစုပေါင်း ၂,၃၇၆ ဦး  ရှိပြီး  ၃၀ ဦးပျောက်ဆုံးတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ - ဥသျှစ်ပင်မြို့အခြေစိုက် ကပစတပ်တွေအပေါ်မှာ လှည့်လည်ပျံသန်းနေတဲ့ စက်တပ်လေထီး။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ကမ္မ #ချောင်းဦး #လေကြောင်းတိုက်ခိုက် #ငလျင် #ထိခိုက်သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10