ကမ်းနီရေနံမြေက ရေနံစိမ်းတွေကို စစ်တပ်အရာရှိတဦးအပါအဝင် လူတစုက ခိုးထုတ်နေတယ်လို့ဆို

ကမ်းနီရေနံမြေက ရေနံစိမ်းတွေကို စစ်တပ်အရာရှိတဦးအပါအဝင် လူတစုက ခိုးထုတ်နေတယ်လို့ဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ သက်ပယ်ကျေးရွာအနီးက ကမ်းနီရေနံမြေကနေ ရေနံစိမ်းတွေကို စစ်တပ်အရာရှိဦးဆောင်ပြီး ခိုးထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစတင်ကာ မင်းဘူးမြို့အခြေစိုက် ခလရ ၈၈ တပ်ရင်းမှ ဗိုလ်ကြီး မင်းဝေ၊ စစ်ကောင်စီလက်အောက် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)က လုံခြုံရေးအဖွဲ့ဝင်အချို့နဲ့ ဒေသရေနံပွဲစားတွေ ပူးပေါင်းကာ ခိုးထုတ်နေတာလို့ ဆိုပါတယ်။

"ရေနံမြေလုံခြုံရေးအဖွဲ့ဝင်တွေက အထဲက ရေနံစိမ်းတွေကို ခိုးထုတ်ပေးတယ်။ ဗိုလ်ကြီး မင်းဝေနဲ့ ပဏာစားတဲ့သူတွေက ဝယ်ယူတယ်။ ကမ်းနီစခန်းက နယ်ထိန်းက လမ်းကြောင်းကြည့်ပေးတယ်။ အဲ့လိုနည်းနဲ့ နိုင်ငံပိုင်ရေနံစိမ်းတွေကို ခိုးထုတ်နေကြတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေနံခိုးထုတ်နေသူတွေထဲမှာ ကမ်းနီရေနံမြေက လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဇော်လတ်၊ လုံခြုံရေး အဖွဲ့ဝင်တွေဖြစ်တဲ့ သူရိန်စိုး၊ အောင်ကျော်ဦး၊ ရေနံဝယ်ယူသူတွေဖြစ်တဲ့ သက်ပယ်ကျေးရွာက ဒေါ် သင်းခိုင်၊ မန်ကျည်းသုံးပင်က ဆံရှည် (ခ) ငနိုင်၊ ရေပေါ်ကျေးရွာက အိဖြူ၊ မြတ်ကျော်တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

"ခိုးထုတ်တဲ့ပုံစံက ရေနံစိမ်းတွေကို ဘိုထီးအိတ်(ရေနံစိမ်း ၁၀ ဂါလံခန့်ဆန့်ဝင်သည့် အလုံပိတ်အိတ်) တွေနဲ့ထည့်ပြီး ဆိုင်ကယ်နဲ့သယ်တယ်။ ပြီးတော့ တနေရာမှာစုပုံတယ်။ ပြီးရင် စစ်တပ်ကအဖွဲ့က ဖောကားနဲ့သယ်ပြီး မင်းဘူးခြံထဲမှာ ထားတယ်။ ပြီးတော့မှ ဝယ်လက်တွေဆီကိုရောင်းတာ" လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ ကမ်းနီရေနံမြေက ရေနံစိမ်းခိုးထုတ်မှုဟာ ၁ ရက်အတွက် ပေပါ ၂၅ လုံးစာအထိ ခိုးထုတ်နေကြောင်း၊ ရေနံစိမ်း ၁ ပေပါကို ပြင်ပပေါက်ဈေး ၂ သိန်းကျော်အထိရှိနေပေမယ့် သူတို့အဖွဲ့ဟာ ၁ ပေပါကို ကျပ် ၁၃၀,၀၀၀ ဝန်းကျင်(သူခိုးဈေး)နဲ့သာ ရောင်းချနေကြတယ်လို့ ပြောပါတယ်။

မင်းဘူးမြို့အခြေစိုက် ခလရ ၈၈ တပ်ရင်းဟာ မကွေး တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး မင်းဘူးမြို့ပေါ်လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ရင်းလည်း ဖြစ်ပါတယ်။

ကမ်းနီရေနံမြေဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနလက်အောက် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ (MOGE)က တာဝန်ယူကာ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မင်းဘူး #ထောက်ရှာပင် #ကမ်းနီရေနံမြေ #ရေနံစိမ်း #ခိုးထုတ်မှု #စစ်ကောင်စီ #MOGE #စစ်တပ် #ခလရ၈၈ #တပ်မ၈၈ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10