သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီက အသစ်ထုတ်လုပ်ထားတဲ့ ၂ သောင်းတန်ငွေစက္ကူကို အသုံးမပြုကြဖို့နဲ့ အသုံးပြုခွင့်မပြုကြောင်း ကလေးခရိုင် ပကဖက သတိပေး ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃၁ ရက် မနေ့က စတင်ထွက်ရှိလာတဲ့ ၂ သောင်းတန်ကို တော်လှန်ရေးနယ်မြေတွေမှာ ယူဆောင်ခွင့် တားမြစ်ထားပြီး စစ်ဆေးတွေ့ရှိခဲ့ရင်လည်း အပြစ်ပေး အရေးယူတာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ သက်ဆိုင်ရာ တာဝန်ယူထားရတဲ့ ခရိုင်အလိုက် တားမြစ်တာပါ၊ အခြားခရိုင်တွေလည်း သက်ဆိုင်ရာအလိုက် မြေပြင်အထိ ကြပ်မတ်ဆောင်ရွက်လာလိမ့်မယ်လို့ ထင်ပါတယ်၊ တယောက်တည်း ၃ ကြိမ်အထိ တွေ့လာရရင်တော့ တရားဥပဒေကြောင်းအရ ဆောင်ရွက်ခံရမှာဖြစ်တယ်။”လို့ ကလေးခရိုင်အဆင့် တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ၂သောင်းတန် ကိုင်ဆောင်တာကို စစ်ဆေးတွေ့ရှိရင် ပထမအကြိမ်အနေနဲ့ ပိုက်ဆံကို သိမ်းဆည်းဖျက်ဆီးကာ မှတ်တမ်းယူထားမှာဖြစ်ပြီး ဒုတိယအကြိမ်စစ်ဆေးတွေ့ရှိရင် သတိပေးမှာဖြစ်ပြီး တတိယအကြိမ်တွေ့ရှိရင်တော့ ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ၂သောင်းတန်ကို စစ်ကောင်စီဘဏ်တွေကတဆင့် ကုန်သည်တွေ၊ ပွဲစားတွေ၊ Non CDM ဝန်ထမ်းတွေဆီကို ဖြန့်ချီတာတွေလုပ်လာမှာ ဖြစ်တဲ့အတွက် အဆိုပါ ပုဂ္ဂိုလ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေဘက်ကို ယူဆောင်မလာကြဖို့ ယူဆောင်လာရင် သိမ်းဆည်းသွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်က စစ်ကောင်စီက ထုတ်တဲ့ အဆိုပါ ၂သောင်းတန် ငွေစက္ကူတွေကို တရားမဝင် ငွေစက္ကူအဖြစ်သတ်မှတ်ကြောင်း စာထုတ်ခဲ့ပါသေးတယ်။
ဓါတ်ပုံ - လူမှုကွန်ရက်စာမျက်နှာ။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #စစ်ကိုင်း #ကလေး #ငွေစက္ကူ #ပကဖ #စစ်ကောင်စီ #NUG
Share Share Share