ကလေးငယ်တွေအပါ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ လက်ပံလှရွာလေကြောင်းတိုက်ခိုက်မှု (ရုပ်/သံ)

တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ် ၆ ဦးအပါအဝင် ၂၇ ဦးသေဆုံးခဲ့တယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။

မတ်လ ၁၄ ရက်နေ့လယ် ၃ နာရီခန့်က လူစည်ကားတဲ့ကျေးရွာစျေးအနီးကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံးကြဲချခဲ့ရာ စျေးအနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတွေထိခိုက်သေဆုံးခဲ့ကြတာပါ။

"လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ဖြစ်ချင်းကတော့ On the spot, dead body ၁၁ လောင်းပါ။ ကျန်တဲ့သူတွေကတော့ ဆေးဝါးကုသမှုခံယူနေစဥ်မှာဘဲ အသက်ဆုံးရှုံးသွားကြတာတွေပါ။ ကလေးငယ်က ၆ ဦးသေဆုံးထားပါတယ်"လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အောက် ကလေးငယ် ၆ ဦးနဲ့ အမျိုးသား အမျိုးသမီး ၂၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးဝန်းကျင်ထဲမှာလည်း ကလေးငယ်တွေပါဝင်ပြီး ထိခိုက်သေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ ကောက်ယူနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လူနေအိမ် ၁၀ လုံး၊ စျေးဆိုင်ခန်း ၂၀ နီးပါးပျက်စီးသွားပြီး ထိခိုက်သေဆုံးသူတွေအများစုက လက်ပံလှရွာသားတွေဖြစ်ပြီး ‌‌ရွှေ့ပြောင်းလုပ်သားတွေနဲ့ခရီးသွားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကိုဆေးကုသပေးနေပြီး ပျက်စီးမှုတွေကိုတော့ ဒေသခံတွေကရှင်းလင်းနေကြကာ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် နောက်ထပ်ဗုံးကြဲခံရမှာစိုးရိမ်ပြီး ဒေသခံအချို့ကတော့ ကျေးရွာကနေ ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။ 

စဥ့်ကူးမြို့နယ်တခုလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး လက်ပံလှကျေးရွာအတွင်းကိုလည်း တော်လှန်ရေးအဖွဲ့တွေ ဖြတ်သန်းသွားလာတာသာရှိကာ တိုက်ပွဲမဖြစ်တာလည်း ၈ လလောက်ရှိပြီလို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ ကံတောင်ရွာကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃၀ ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း ၊တည်းဖြတ် -HP

#မြေလတ်အသံ

#မန္တလေး #စဥ့်ကူး #လက်ပံလှရွာ #အစုလိုက်အပြုံလိုက်သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10