ကလေးတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ သေနတ် ၁ လက်ရ

ကလေးတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ သေနတ် ၁ လက်ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တက္ကသိုလ်ဝင်ပေါက်မှာ ကင်းထိုင်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ အလစ်ငိုက် တိုက်ခိုက်ခံရပြီး ၁ ဦးသေကာ သေနတ်တလက် ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၄ ရက် ဒီကနေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်သား ၆ ယောက် ကျောင်းရှေ့ဝင်ပေါက်လမ်းမှာ ကင်းထိုင်ဖို့ထွက်လာချိန်ကို ကြိုစောင့်ပြီးတိုက်ခိုက်ခဲ့ကာ အပြန်လှန်ပစ်ခတ်မှု နာရီဝက်လောက် ကြာခဲ့တယ်လို့ CDF CDM SIYIN ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။


“ကောလိပ်ဝန်းထဲက ကြိုစောင့်ပြီးတိုက်ခဲ့တာ၊ ကျနော်တို့ သတင်းရတာ သူတို့ထွက်လာတဲ့ချိန်က ၇ နာရီလောက်ပေါ့။ ဒါပေမယ့် ဒီမနက် ၅:၃၀ လောက်မှာ ထွက်လာတော့ ထင်သလောက် မအောင်မြင်ဘူး။ တယောက် သေတယ်။ ၅ ယောက် ဒဏ်ရာနဲ့ ထွက်ပြေးသွားပါတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁ ဦးသေကာ၊ သေဆုံးစစ်သားရဲ့ သေနတ်တလက်ကိုလည်း အရယူနိုင်ခဲ့ပြီး ဒဏ်ရာရ တပ်သား ၅ ယောက်ကတော့ တက္ကသိုလ်ဝန်းထဲကိုပဲ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကလေးတက္ကသိုလ်ထဲက ဗန္ဓုလအဆောင်မှာ စစ်ကောင်စီတပ်သား ၁၅ ယောက်ကနေ ၂၀ ထိ တပ်စွဲလေ့ရှိပြီး ကျောင်းရှေ့ဝင်ပေါက်မှာ‌ နေ့တိုင်းကင်းထိုင်ကာ ဖြတ်သွားဖြတ်လာပြည်သူတွေဆီက ပိုက်ဆံတောင်းတာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ကလေးမြို့မြောက်ပိုင်းမှာ မတ်လ ၂၈ ရက်နေ့ထဲက ဒီကနေ့ထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ဝေဟင်နဲ့မြေပြင်ပေါင်းကာ တိုက်ခိုက်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10