ကလေးတဦး မီးဆော့ရာမှ နေအိမ် ၁၁ လုံး မီးလောင်မှုဖြစ်

ကလေးတဦး မီးဆော့ရာမှ နေအိမ် ၁၁ လုံး မီးလောင်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးနတ်နန်းအနီး နန်းကြီးရပ်မှာ ကလေးတဦး မီးကစားရာမှ နေအိမ် ၁၁ လုံးမီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၇ ရက် မနက် ၁၁ နာရီကျော်လောက်မှာ နန်းကြီးရပ်နေ ဦးကျော်ရဲအောင်ရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ နေအိမ်အိပ်ယာအနီး မီးခြစ်နဲ့စက္ကူစတွေကို မီးရှို့ကစားခဲ့ရာကနေ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။ 

"ကလေးက စက္ကူစတွေကို မီးရှို့ကစားရာမှာ မီးပွားတွေက အိပ်ယာပေါ်ကျပြီး မီးစလောင်တာ။ လူကြီးတွေကလည်း မီးများမှသိရတော့ မငြိမ်းနိုင်ဘဲ ဘေးအိမ်တွေပါ ကူးသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုးထရံကာနေအိမ် ၁၀ လုံးနဲ့ သွပ်မိုးပျဥ်ထောင်နေအိမ် ၁ လုံး စုစုပေါင်း ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီး လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၅၀ ကျော်က နီးစပ်ရာနေအိမ်တွေမှာ ယာယီခိုလှုံ နေကြရတယ်လို့ ဆိုပါတယ်။ 

မီးလောင်ရာနေရာကို မတ္တရာမြို့နယ်၊ ချမ်းအေးသာဇံနဲ့ ပုသိမ်ကြီးမီးသတ်တွေအပါအဝင် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ မီးလောင်ပြီး ၁ နာရီခွဲလောက် အကြာမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#မန္တလေး #မတ္တရာ #တောင်ပြုံး #မီးကစား #မီးလောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10