ကလေးတောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေတွင်းတွေ လိုအပ်နေ

ကလေးတောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေတွင်းတွေ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ရေရရှိမှုခက်ခဲတဲ့အတွက် သောက်သုံးရေတွင်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

ကလေးနယ်မှာ လူဦးရေအများဆုံး စစ်ဘေးရှောင်စခန်း ၂ ခုရှိပြီး စခန်းတခုမှာ လူ တထောင်ကျော်စီရှိကာ မြစ်ချောင်းနဲ့လည်းဝေးတဲ့အတွက် ရေရှားပါးမှု အခက်ခဲတွေကြုံနေရတာလို့ ဆိုပါတယ်။

“စစ်ရှောင်စခန်းတခုမှာ လူဦးရေ ထောင်ကျော်ရှိတယ်၊ တချို့ဆို ချောင်းတွေထဲမှာ မသန့်ရှင်းတဲ့ ရေတွေသုံးနေရတယ်၊ အကူညီလာတောင်းကြတော့ သေချာကွင်းဆင်းပြီး တကယ်လိုအပ်နေတဲ့ နေရာတွေကို ရေတွင်းတွေ တူးပေးဖို့လုပ်နေတယ်"လို့ စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုသူရိန်ဇင်က ပြောပါတယ်။


စစ်ရှောင်တွေ အရေးပေါ်အသုံးပြုဖို့ စစ်ရှောင်စခန်းတခုကို ရေတွင်း ၂ တွင်းစီ တူးပေးဖို့လည်း လုပ်ဆောင်နေပြီး စစ်ရှောင်ဦးရေက အဆက်မပြတ်တိုးနေတဲ့အတွက် လောက်ငှမှုမရှိဘဲ ရေအခက်ခဲကတော့ ကြုံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပေါက်တော၊ အင်းကျွန်း၊ ခုံတိုး-မြို့သာ စတဲ့ စစ်ရှောင်စခန်း ၃ ခုမှာ သောက်သုံးရေတွင်း ၆ တွင်း တူးပေးနေပြီး နေရာ‌ပေါ်မူတည်ကာ ရေတွင်းတူးခ ကွာခြားမှုအနေနဲ့  ၂ သိန်းကနေ ၅ သိန်းအတွင်းမှာ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ ရေတွင်းအပြင် ရိက္ခာ၊ မိုးကာ၊ ဆေးဝါးစတာတွေလည်း လိုအပ်နေပြီး စာသင်ကျောင်းတွေအတွက်လည်း သောက်သုံးရေကန်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကလေးတောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတည်းက တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး ကျေးရွာ ၅ ရွာကျော် စစ်ရှောင်နေရကာ ပြည်သူတသောင်းကျော် အကူညီတွေလိုအပ်နေကြပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #ကလေး #စစ်ရှောင် #သောက်သုံးရေခက်ခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10