ကလေးတောင်ပိုင်းတိုက်ပွဲ ကာကွယ်ရေးရဲဘော် ၂ ဦးသေဆုံး စစ်တပ်က ဖုန်းလိုင်းများဖြတ်တောက်ထား

ကလေးတောင်ပိုင်းတိုက်ပွဲ ကာကွယ်ရေးရဲဘော် ၂ ဦးသေဆုံး စစ်တပ်က ဖုန်းလိုင်းများဖြတ်တောက်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ အောင်သာယာရွာနားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပွားနေပြီး ကာကွယ်ရေးရဲဘော် ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် မနေ့ကမနက်ပိုင်းက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ မြောက်ခင်ရန်း၊ ကြံသာရွာဘက်ကထွက်လာတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရဲ‌ဘော် ၂ယောက်က မနေ့ကပွဲမှာ ကျတာ။ KKG က တယောက်ကျတယ်တော့ သိထားတယ်။ နောက်တယောက်ကတော့ ရင်းကဖြစ်မလား၊ ပကဖက ဖြစ်မလား မသိသေးဘူး။" လို့ ကလေးဒေသခံ ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကလေးတောင်ပိုင်းက ကျေးရွာတွေကို ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အတွက် တပ်ဖွဲ့တွေနဲ့ အဆက်သွယ် ပြတ်တောက်နေပြီး မြေပြင်တိုက်ပွဲအခြေနေ အသေးစိတ်သိရဖို့က ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးမြို့အနောက်တောင်ပိုင်း မွန်ထာနဲ့ မြို့လှရပ်ကွက်ဘက်မှာလည်း စစ်ကား ၃ စီးနဲ့ တပ်အင်အားဖြည့်ထားပြီး မြို့ရှောင်လမ်းက တိုက်တွေမှာ နေရာယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ချန်နယ်တွေမှာတော့ အောင်သာယာရွာနားမှာ PDF ရဲဘော် အလောင်း ၂ လောင်း၊ သေနတ် ၂ လက်နဲ့ ကျည်ဆန်တချို့ သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးခဲ့ရတဲ့ ကာကွယ်ရေး ရဲဘော် ၂ ဦးရဲ့ အချက်အလက်တွေကို မြေလတ်အသံသတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီက သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်သည့် ကာကွယ်ရေးရဲဘော်နှစ်ဦး၏ သေနတ်၂ လက်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #တိုက်ပွဲ #ကာကွယ်ရေးတပ်ဖွဲ့ #သေဆုံးမှု #ကလေးမြို့နယ် #စစ်ကိုင်းတိုင်း #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10