ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ပျက်ဆီးမှုရှိ

ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ပျက်ဆီးမှုရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်း၊ ထန်းတောရွာထိပ်ရှိ ကလေးတွေကို စာသင်ပေးနေတဲ့ CDM စာသင်ကျောင်း (အရပ်ခေါ် ဗောဓိကျောင်း) ကို မေလ ၉ ရက်နေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတချို့ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကျောင်းကို တံတားဦး လေတပ်စခန်းကနေ ဂျက်ဖိုင်တာ ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် စာသင်ကျောင်းထဲရှိ လုပ်သားအဆောင်တဆောင်မှာ မီးလောင်ပျက်စီးခဲ့သလို ကျောင်းမုဒ်ဦးတွေနဲ့ ရွာမှာသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေလည်း ကျိုးကျသွားခဲ့ကြတယ်လို့ People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။


"ဒီကျောင်းမှာ ကလေးတွေကိုမနက်ပိုင်းကနေ မွန်းလွဲ၁၂နာရီအထိသင်ကြားပေးခဲ့ပြီး ကျောင်းဆင်းတာ။ ဗုံးလာကြဲတာက ၂ နာရီဆိုတော့ ကလေးတွေ၊ ဆရာ၊မတွေနဲ့ ရွာသားတွေ ထိခိုက်တာမရှိခဲ့ဘူးဗျ။ ကံကောင်းသွားတာပေါ့။ လေယာဥ်က ကျောင်းကိုအသွားတခေါက် ဗုံးတလုံးကြဲချတယ်၊ ပြီးတော့ ပြန်ဝိုက်လာပြီးတော့ ဗုံးတလုံးထပ်ကြဲချခဲ့တာ။ လေယာဥ်ကကျောင်းပေါ်မှာ ၁၅ မိနစ်လောက် ကြာဝဲပျံခဲ့တယ်။ ဒီကျောင်းက ရွာရဲ့ထိပ်ဦးမှာတည်ရှိတာ"လို့ ဆိုပါတယ်။

အသက် ၅ နှစ်ကနေ ၁၀ နှစ်အထိရှိတဲ့ ကလေးသူငယ် ၅၀ ကျော်ကို CDM ဆရာ၊ ဆရာမတွေနဲ့ ဆယ်တန်းဖြေထားပြီးတဲ့ ကျောင်းသူ/သားတွေက စာသင်ကြားပေးနေတဲ့ ကျောင်းဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲ့ဒီကျောင်းကို ဂျက်ဖိုင်တာနဲ့လာရောက် ဗုံးကြဲတာဟာ ပထဆုံးအကြိမ်ဖြစ်သလို၊ လေယာဥ်နဲ့ ထပ်ပြီးဗုံးကြဲမှာကို စိုးရိမ်တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ထန်းတောရွာ၊ အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ တင်းတိန်ရံရွာက ဒေသခံပြည်သူတွေကို ဘေးလွတ်ရာနေရာကို ရွေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10