ကလေးထောင်အရာရှိတွေက နိုင်ကျဉ်းတွေရဲ့မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေရှိနေ

ကလေးထောင်အရာရှိတွေက နိုင်ကျဉ်းတွေရဲ့မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဥ်းထောင်အရာရှိတွေဖြစ်တဲ့ ထောင်ပိုင်အောင်မိုးဟိန်းနဲ့ ထောင်လုံခြုံရေးတာဝန်ခံတပွင့် ဟန်ဝင်းအောင်တို့က နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ပြောဆိုမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဇန်နဝါရီ ၃၀ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကလေးထောင်က နိုင်ကျဉ်းတဦးရဲ့ ဇနီးဖြစ်သူတဦးက ထောင်ဝင်စာဧည့်တွေ့ပြီး နေအိမ်ကိုပြန်ရောက်ချိန် ထောင်ပိုင်အောင်မိုးဟိန်းက ဖုန်းကနေတဆင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

"ဧည့်တွေ့ပြန်လာချိန်မှာ ဖုန်းဆက်လာတော့ ထောင်ပိုင်ကြီးက သူ့ကို အဘတို့၊ ဦးလေးတို့ခေါ်တာကို မခေါ်နဲ့၊ ကိုကြီးလို့ခေါ်ပါ အဲ့ကနေစကားစတယ်။ စကားစပြီးတော့ သူနဲ့သီးသန့်တွေ့ပေးမယ်၊ ချိန်းတွေ့ပြီးတော့အတူနေပေးမယ်ဆိုရင် အမျိုးသားကိုလျှော့ရက်တွေရမယ်။ လျှော့ရက်တွေရအောင်လုပ်ပေးလို့ရတယ်ဆိုပြီးတော့ ပြောသွားတယ်။"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် - PPNM မှ ရုံးတာဝန်ခံ လင်း ကပြောပါတယ်။

အလားတူ နောက်ထပ်နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်အမျိုးသမီးတွေကိုလည်း အခုလို လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တဲ့စကားတွေကို ဖုန်းကနေတဆင့်ပြောဆိုမှုတွေရှိနေပြီး သတင်းပေးပို့ထားတာတွေလည်းရှိထားတယ်လို့ ဆိုပါတယ်။

"စော်ကားခံရတဲ့ အယောက်အရေအတွက် အတိအကျကို ကျနော်တို့ပြောလို့မရပါဘူး။ ကျနော်တို့ဆီကိုသတင်းပေးပို့လာတာတောင်မှ ၄၊ ၅ ဦးလောက်အထိရှိတယ်။"လို့ PPNM မှ ရုံးတာဝန်ခံ လင်း ကဆက်ပြောပါတယ်။

ကလေးအကျဉ်းထောင်အာဏာပိုင်တွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကျူးလွန်တာဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဇနီးဖြစ်သူနဲ့ မိသားစုဝင်အမျိုးသမီးတွေအပေါ်  ဦးတည်ပြီးပြုလုပ်နေတာလို့ PPNMရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထောင်ဝန်ထမ်းတွေအနေနဲ့လည်း နိုင်ကျဉ်းမိသားစုဝင် အမျိုးသမီးတွေဆီကနေ ငွေကြေးအပါအဝင် နာရီ အစရှိတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ ခရီးစရိတ်တောင်းခံတာတွေကိုလည်း ပြုလုပ်နေကြတယ်လို့ ဆိုထားပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၂၉ ရက်အထိ စစ်ကောင်စီနဲ့၎င်းရဲ့လက်ပါးစေတွေကြောင့် ဖမ်းဆီးခံထားရသူစုစုပေါင်း ၂၈,၄၀၅ ဦးရှိပြီး အဲ့ဒီထဲမှာ ၂၁,၆၈၃ ဦးကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ကလေး #ထောင်အရာရှိ #လိင်ပိုင်းဆိုင်ရာ #စော်ကားနှောင့်ယှက် #နိုင်ကျဉ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10