ကလေး ဒကစမှူး ပြောင်းလဲပြီးနောက် စစ်ကောင်စီတပ်က ဓာတ်ငွေ့ထွက်တဲ့ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လာ

ကလေး ဒကစမှူး ပြောင်းလဲပြီးနောက် စစ်ကောင်စီတပ်က ဓာတ်ငွေ့ထွက်တဲ့ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ ဩဂုတ်လ ၁၀ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး သာစည်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ပုံမှန်မဟုတ်တဲ့ ဓာတ်ငွေ့ဗုံးသီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်လာတယ်လို့ ဒေသကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၅ ရက်တရက်တည်းမှာဘဲ ကလေးမြို့ အမှတ် ၃၆၅ အမြောက်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၃၁ လုံးပစ်ခတ်ခဲ့ပြီး သာစည်ရွာထဲကို ကျရောက်ပေါက်ကွဲတဲ့ ၆၀ မမ ဗုံးသီးတချို့ကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှူမိရာကတဆင့် မူးဝေ၊ အော့အန်တာတွေ ဖြစ်လာတာလို့ ဆိုပါတယ်။

“**ဘက်ကပစ်တဲ့ မီးလောင်ဗုံးလိုဟာက ဗုံးကွဲစကို လက်နက်ကြီးထိထားလို့မီးလောင်နေတဲ့အိမ်ထဲ ပစ်လိုက်တာ။ အဲ့က အငွေ့တွေ ထွက်လာပြီး ရှူမိတဲ့ ကလေး ၅ ယောက် မူးအန်တာ၊ ခြေထောက်တွေခွေပြီး အကုန်အိပ်ပျော်ကုန်တာ။ ညနေ ၅ နာရီလောက်မှ နိုးလာတယ်၊ လူသေတဲ့ထိတော့ မဖြစ်သေးဘူး”လို့ တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးခိုးငွေ့ရှူမိတဲ့ ပြည်သူ ၃၀ ဝန်းကျင်မှာ လည်ပင်းစပ်ရှတာ၊ ကိုယ်အပူချိန်တက်တာ၊ သွေးပေါင်ကျတာ၊ ခန္ဓာကိုယ်နုံးချိတာ၊ လက်ထိပ်ခြေထိပ်ကျင်ပြီး အသက်ရှူမဝဖြစ်တာ၊ သတိလစ်တာ စတဲ့ လက္ခဏာတွေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့လည်း MMT(West Division) တာဝန်ခံ CDM ကထိက ဌာနမှူး ဒေါ်ရတီအုန်းက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ မီးခိုးတွေထွက်လာတဲ့ ဗုံးသီးဟာ ပုံမှန်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီးမျိုးမဟုတ်ဘဲ ဓာတုဓာတ်ငွေ့ ဗုံးသီးမျိုးဖြစ်နိုင်တယ်လို့ စစ်မှုထမ်းသက် နှစ် ၂၀ ခန့်ရှိ CDM တပ်အရာရှိတဦးက ပြောပါတယ်။

"ပုံမှန်ဆို ၆၀  ဗုံးသီးတွေက အဲ့ဒီလိုမီးလောင်ရင် တန်းပေါက်ကွဲသွားတာ အငွေ့ထွက်လာတာမျိုးမဟုတ်ဘူး။ ဖြစ်တဲ့ လက္ခဏာတွေအရဆို သမားရိုးကျမဟုတ်တဲ့ ဓာတုဓာတ်ငွေ့ဗုံးသီးလို့ ပြောလို့ရတယ်" လို့ ဆိုပါတယ်။

ဩဂုတ်လဆန်းပိုင်းမှာ ဒကစမှူး အပြောင်းအလဲလုပ်ပြီးနောက်ပိုင်း ကလေးတောင်ပိုင်းကို စစ်အင်အားအလုံးအရင်းနဲ့  စစ်ကြောင်းဆက်တိုက်ထိုးနေတာဖြစ်ပြီး အခုလက်ရှိ ကလေးမြို့ဒကစမှူးဟာ ပြည်မြို့ဒကစ ကနေ ပြောင်းလာတဲ့ ဒကစမှူး  ဗိုလ်မှူးချုပ် အောင်နိုင်ဦး ကွပ်ကဲနေတာလည်း ဖြစ်ပါတယ်။

ကလေးတောင်ပိုင်းမှာ အခုလို ဓာတုဓာတ်ငွေ့ဗုံးသီးနဲ့ တိုက်ခိုက်တာဟာ ဒုတိယမြောက်အကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း လယ်ကြားကျေးရွာထဲကို ဓာတုဓာတ်ငွေ့ဗုံးသီးလို့ ယူဆရတဲ့ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲဖူးကာ ကျေးရွာထဲမှာ ပြည်သူမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် လေကြောင်းပစ်ကူခေါ်ကာ သာစည်ရွာ ပတ်ပတ်လည်နဲ့ ရွာထဲကို ၁ နာရီနီးပါး ပစ်ခတ်သွားတဲ့အတွက် အသက် ၅၀ ကျော် အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #တိုက်ပွဲ #စစ်ကောင်စီတပ် #လက်နက်ကြီး #ဓာတ်ငွေ့ဗုံးသီး #ဒကစ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10