ကလေးနယ်က ယာယီဆေးခန်း လေကြောင်းကနေဗုံးကြဲခံရလို့ PDF တဦး ကျဆုံး

ကလေးနယ်က ယာယီဆေးခန်း လေကြောင်းကနေဗုံးကြဲခံရလို့ PDF တဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ စော်ဘွားရေရှင်ကျေးရွာနဲ့ ရန်မျိုးအောင်ကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီနေရာအနီးမှာရှီတဲ့ ယာယီဆေးခန်းပေါ် ကျရောက်ပေါက်ကွဲပြီး PDF ရဲဘော်တဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။ 

ဩဂုတ် ၂၇ ရက် နေ့လယ် ၃ နာရီကျော်မှာ ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံးကြဲချချိန်  ဆေးခန်းလုံခြုံရေးစောင့်နေတဲ့ စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း ၄ SR-4 က ရဲဘော်တဦး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“ဆေးခန်းရဲ့ လှေကားပေါ်ကို တည့်တည့်ကျတာ။ ဆေးခန်းလုံခြုံရေး တာဝန်ယူထားတဲ့ ရဲဘော်တဦး ကျတယ်။ ခန္ဓာပျောက် ဦးခေါင်းနဲ့ ခြေထောက်ပဲကျန်တယ်။ ၂ ဦး အပြင်းအထန်ဒဏ်ရာရတယ်။”လို့ ဒေသခံကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီဆေးခန်းဟာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်ခံထားရတာကြောင့် နေရာပြောင်းရွှေ့ထားပေမယ့် အခုတခေါက်မှာတော့ ပြောင်းရွှေ့ထားတဲ့နေရာကို လေကြောင်းနဲ့ ဗုံးကြဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

“လေယာဥ်နဲ့ပစ်တာ ခုပထမဦးဆုံးပါ။ လက်နက်ကြီးနဲ့ကတော့ ၂ ကြိမ်ရှိပြီ။ အဲ့ဒါကြောင့် ပြောင်းရွှေ့နေတာ၊ ပြောင်းတဲ့နေရာတိုင်း ပစ်ခံနေရတယ်။ သတင်းပေးရှိတယ် သုံးသပ်ရတာပေါ့၊ ဘယ်သူမဆို လာလို့ရတဲ့ဆေးခန်းဖြစ်နေတော့ ပြောရခက်တယ်။”လို့ ကလေးမြို့နယ်မြောက်ပိုင်းနေ ပြည်သူတဦးက ပြောပါတယ်။

လေကြောင်းကနေဗုံးကြဲခံရချိန်မှာ နောက်ထပ်လူနာတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း စော်ဘွားရေရှင်ကျေးရွာနဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီက မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - ဧပြီ ၂၂ ရက်နေ့ ခမ်းပတ်နှင့် စော်ဘွားရေရှင်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် အမျိုးသမီး။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10