ကလေးနယ်၊ ထိုမာရွာမှာ ၃ ရက်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က ၁၆ ဦးသေ

ကလေးနယ်၊ ထိုမာရွာမှာ ၃ ရက်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က ၁၆ ဦးသေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေ ၃ ရက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၉ ရက် နဲ့ မတ် ၂ ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။ 

ဖေဖော်ဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ အင်အား ၈၀ ပါတဲ့စစ်ကြောင်းကို ထိုမာရွာကနေ သာယာကုန်းရွာ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ လမ်းပိုင်းမှာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။   

အဲ့ဒီနောက် မတ် ၂ ရက် မနေ့မနက်ပိုင်းမှာလည်း အဆိုပါစစ်ကြောင်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိုမာရွာအနီးမှာပဲ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှာအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

“ကြည်းကြောင်း ၈၀၊ လေကြောင်း ၈ ကြိမ်နဲ့ စစ်ကြောင်းထိုး(တိုက်ခိုက်)တာ၊ သူတို့ (စစ်ကောင်စီတပ်သားတွေ) ပဲသေတာလေ၊ ကျနော်တို့ဘက် မသေဘူး၊ အဲ့နေ့ကသေတဲ့ အလောင်းတွေကို မနေ့ကမှလာကောက်တာ၊ ကားပေါ်ကို ၁၃ လောင်းပါသွားတယ်၊ ကျန်ခဲ့တဲ့ ၃ လောင်းကို ကျနော်တို့ဘက်က မြေမြှုပ်ပေးလိုက်ရတယ်။”လို့ မြေပြင်မှာရှိနေတဲ့ တိုက်ခိုက်ရေး ရဲဘော်တဦးက အတည်ပြုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကို စစ်ကား ၂ စီးနဲ့ လာသယ်သွားပြီး နာရေးကားတွေနဲ့ သယ်ယူနေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုတွေစတင်ပြီး တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

CDF CDM SIYIN အဖွဲ့ကလည်း မတ် ၃ ရက် ဒီနေ့ရက်စွဲနဲ့ စစ်ရေးအခြေနေအရ ကလေးမြို့၊ ကိုးမိုင်ခိုင်ကမ်း-သိုင်းငင်း လမ်းမကြီးကို အသုံးမပြုကြဖို့နဲ့ လမ်းမကြီးပေါ်မှာရှိတဲ့ တရားမဝင် နေထိုင်သူတွေလည်း ရှောင်တိမ်းကြဖို့ အရေးပေါ် စာထုတ်ပြန်ထားပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲနဲ့ ကလေးမြို့အတွင်း စစ်ရေးအရှိန်မြှင့်မှာဖြစ်လို့ ကလေး‌ဒေသခံတွေ ရှောင်တိမ်းကြဖို့ တရားဝင် စာထုတ်ပြန်ထားခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ထိုမာ #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10