ကလေးမြို့က ရေကူးကန်မှာ လူငယ်တွေကို စစ်တပ်ကဝင်ဖမ်းပြီး စစ်မှုထမ်းမယ့်ခံဝန်ထိုးခိုင်း

ကလေးမြို့က ရေကူးကန်မှာ လူငယ်တွေကို စစ်တပ်ကဝင်ဖမ်းပြီး စစ်မှုထမ်းမယ့်ခံဝန်ထိုးခိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်းကြီးဟိုတယ်ရေကူးကန်မှာ ရေကူးနေတဲ့ လူငယ်အယောက် ၂၀ ကျော်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၉ ရက် မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ တောင်အူရွာက ပျူစောထီးအဖွဲ့ဝင် အမျိုးသား ၃ ဦးက ရေကူးကန် မှာရှိတဲ့ မိန်းကလေးတွေကို လိုက်နှောက်ယှက်နေတဲ့အတွက် အခြေအတင်ဖြစ်ပွားကြကာ အဆိုပါ ပျူစောထီး တွေက စစ်တပ်ကို ခေါ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ပျူ ၃ ကောင်က ရေကူးကန်က ကောင်မလေးတွေကို ထိကပါး ရိကပါးလိုက်လုပ်နေလို့ ကောင်မလေးတွေက တာဝန်ခံကို တိုင်လိုက်တာ။ အဲ့မှာ သူတို့ ၃ ယောက်ကို ရေဆက်မကူးခိုင်းတော့လို့ ပြန်သွားပြီး ရေကူးကန်မှာ PDF တွေ ရောက်နေပါတယ်ဆိုပြီး စစ်တပ်ကို ခေါ်လာတာ။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ရေကူးကန်မှာရှိတဲ့ လူငယ်တွေ အကုန်လုံးကို ဒိုင်နာကားအကြီးနဲ့ ဒကစထဲကို ဖမ်းခေါ်သွားပြီး အသက်မပြည့် သေးတဲ့ လူငယ်တွေကိုတော့ ချက်ချင်းပြန်လွှတ်ပေးကာ အသက်ပြည့်တဲ့ လူငယ်တွေကတော့ စစ်မှုထမ်းပါ့မယ်ဆိုတဲ့ ခံဝန်ကတိ ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

“လူငယ်တွေကို စစ်မှုထမ်းဖို့ တရပ်ကွက်ကို ၆ ယောက်မဲနှိုက်ရမယ်လို့ ပြောလိုက်တယ်။ ခုအဖမ်းခံလိုက်ရတဲ့သူတွေက ဒကစထဲမှာ စစ်မှုထမ်းဖို့ လက်မှတ်ထိုးခဲ့ရတယ်။” လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

တနင်္ဂနွေပိတ်ရက်ဖြစ်တဲ့အတွက် ရေကူးကန်ကို လာရောက်တဲ့ လူငယ်တွေ များပြားပြီး တချို့ကတော့ ပြဿနာတက်ပြီးနောက် ပြန်သွားကြကာ အခုလက်ရှိ အဖမ်းခံလိုက်ရတဲ့လူငယ်တွေက ရေဆက်ကူးဖို့ ကျန်ခဲ့တဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးနေတာဖြစ်ပြီး မော်လိုက်မြို့မှာလည်း ၂ လအတွင်း ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ- ကလေးမြို့၊ မင်းကြီးဟိုတယ် ရေကူးကန်နှင့် ရေကူးကြသူများ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ကလေး #မင်းကြီးဟိုတယ် #ရေကူးကန် #လူငယ် #စစ်တပ် #ဖမ်းဆီး #စစ်မှုထမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10