သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းရွာမှာ ဒီဇင်ဘာ ၁၂ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံအမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
စစ်ကောင်စီက ကလေးမြို့အမြောက်တပ်နဲ့ လက်အောက်ခံ ကံပုလဲရွာတွေဘက်ကနေ လက်နက်ကြီး ၁၅၅ မမ အပါအဝင် မစ်ဇိုင်း၊ ဟောင်ဝစ်ဇာလက်နက်တွေနဲ့ပါ တောက်လျှောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့နယ်ဒေသခံ လူသားစာနာတာဝန်ခံတဦးက "အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ကျနော်တို့လူတွေကတော့တင်ပါးတွေ၊ လက်မောင်းရယ်၊ လည်ပင်းတွေရယ်ထိတာပေါ့။ ကိုယ်ဝန်ဆောင်မိခင်ကတော့ ညာဘက်လက်မောင်းထိတာပေါ့။" လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက် ၃၉နှစ်အရွယ် ဒေါ်ဥမ္မာဝင်း၊ အသက် ၇၀ အရွယ်ဒေါ်ကြင်စိန်နဲ့ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဒေါ်နွေးနွေးလှိုင်တို့ဟာ နေအိမ်မှာနေရင်း လက်နက်ကြီးထိမှန်ခဲ့ကြတာပါ။
လက်နက်ကြီးထိမှန်ထားတဲ့ဒေသခံတွေကတော့ ဆေးကုသမှုခံယူနေရပြီး ကလေးမြို့နယ်လူသားစာနာတာဝန်ခံကလည်း လက်နက်ကြီးထိမှန်တဲ့အမျိုးသမီး ၃ ဦးကို ၅၀,၀၀၀ ကျပ်စီထောက်ပံ့ပေးခဲ့တယ်လို့ မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် အဲ့ဒီမြို့သိမ်းတိုက်ပွဲနဲ့ဆက်စပ်ပြီး ပစ်တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ယူဆနေကြပါတယ်။
ဒီဇင်ဘာ ၆ရက်ကလည်း ကလေးမြို့နယ် ဒိုးနွယ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဒေသခံအမျိုးသား ၁ ဦး လည်ပင်းမှာထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်အထိစစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆,၀၄၂ ဦး သေဆုံးထားကြောင်း ဖော်ပြထားပါတယ်။
သတင်း - သက်ဝေ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #လက်နက်ကြီး # ပြည်သူ# ဒဏ်ရာရ
Share Share Share