ကလေးမြို့ပေါ်က မူးယစ်ဆေးရောင်းချသူတဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီး

ကလေးမြို့ပေါ်က မူးယစ်ဆေးရောင်းချသူတဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ မူးယစ်ဆေးဝါးရောင်းချနေတဲ့ အမျိုးသားတဦးကို ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ NUG ရဲ့ကလေးမြို့နယ်တောင်ပိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

အဖမ်းခံရသူမှာ ကြို့သုံးပင်ရပ်ကွက်နေ ဦးဒိုလန်း ၅၄ နှစ်ဖြစ်ပြီး ငွေကျပ် ၈၄ သိန်းတန်ဖိုးရှိတဲ့ အဝါရောင်ဖောက်မှုန့် ဆပ်ပြာခွက် ၂၁ ခွက်နဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

" ကျနော်တို့ နယ်မြေအေးချမ်းရေး ဝင်တဲ့အချိန်မှာ သူကဆေးကို MAMEE ဖာထဲမှာထည့်ပြီး ဆိုင်ကယ်ပေါ်တင်ထားပြီးတော့ လမ်းဘေးမှာရပ်နေတာ။ အဲ့ဒါကိုမသင်္ကာလို့စစ်ဆေးတော့ ဖမ်းမိတာ" လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ တောင်ပိုင်းတာ၀န်ခံ ရဲမှူးအောင်ကြီး ကပြောပါတယ်။

ဆက်လက်ပြီး ဦးဒိုလန်းကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) နဲ့ အရေးယူအမှုဖွင့်ထားတယ်လို့ ရဲမှူးအောင်ကြီးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့ကသိမ်းဆည်းထားပြီး နှစ်စဥ် ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃၀ ရက်မှာလည်း ကလေးမြို့ပေါ်က လမ်းမကြီးမှာ မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ ဆိုင်ကယ်၂ စီးနဲ့ အမျိုးသား ၃ ဦးကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဟာ လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ဆိုရင် တည်ထောင်တာ ၂နှစ်ပြည့်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်နဲ့ အခုနှစ်(၂၀၂၃) အတွင်း ကလေးမြို့ပေါ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမှု အကြိမ် ၁၀၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့ #nug #ရဲတပ်ဖွဲ့ #မူးယစ်ဆေးဝါး #ဖမ်းဆီးရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10