ကလေးမြို့မြောက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲလို့ ပြည်သူ ၃ ဦး သေဆုံး

ကလေးမြို့မြောက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲလို့ ပြည်သူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ကျောင်းတိုက်နဲ့ ဆည်တော်ဦးရွာနားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲကို ပစ်ကူပေးတဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၆ ရက် ဒီကနေ့ မနက် ၃ နာရီဝန်းကျင်ထဲက ပစ်ခတ်သံတွေ စတင်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း Mi 35 နဲ့ မနက် ၇ နာရီခွဲဝန်းကျင်က တကြိမ်၊ ၁၀ နာရီဝန်းကျင်က တကြိမ်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၂ နာရီမှာ မုံရွာ နမခကို ပြန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

“မြို့ထဲကနေ လက်နက်ကြီးနဲ့ပစ်ပြီး လေယာဉ်နဲ့ ကြဲတာ၊ လေကြောင်းပစ်လို့ ခုလောလောဆယ် ၃ ယောက်သေတယ်။ လက်နက်ကြီးကလည်း အဲဒီနားပတ်ချာလည် ၁၀ လုံးလောက်ကျတယ်။ မီးတွေလည်း လောင်နေတယ်။  ရွာထဲက ပြည်သူတွေကိုလည်း ပျူတွေက မထွက်ခိုင်းတော့ အကုန်လုံး ပိတ်မိနေတယ်။” လို့ ကလေးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်ချိန်ထိမှန်လို့ ကျောင်းတိုက်ရွာက အသက် ၅၀ ဝန်းကျင် အမျိုးသမီးတဦး၊ ဖခင်ဖြစ်သူ အသက် ၇၀ ကျော် အမျိုးသားတဦးနဲ့ အသက်စုံစမ်းဆဲ အမျိုးသားတဦးတို့ သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတဦးလည်း ခြေထောက်နဲ့ ပခုံး ထုတ်ချင်းပေါက် ထိမှန် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

ကျောင်းတိုက်ရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး အခုလက်ရှိ ကျေးရွာတွင်း ပိတ်မိနေတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရ အခြေအနေ အသေးစိတ်ကို မြေလတ်အသံအနေနဲ့ ဆက်လက် စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က  လေကြောင်းပစ်ကူအပြင် လက်နက်ကြီးပစ်ကူတွေလည်း တောက်လျှောက်ပေးနေပြီး မနက် ၃ နာရီကနေ ညနေ ၃ နာရီအတွင်း ကလေးမြို့အမြောက်တပ်နဲ့ စရဖ(စစ်ဘက်ရေေးရာလုံခြုံရေးတပ်ဖွဲ့)ထဲကနေ လက်နက်ကြီး ၈၅ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၁၄ ရက်ကလည်း ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းကျေးရွာမှာ ဦးခေါင်းနောက်ဖက်ကို စစ်တပ်ကပစ်တဲ့ လက်နက်ကြီးအစထိမှန်ဒဏ်ရာနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်လာလ်ဇွာလ်အီနဲ့  အသက် ၄၁ နှစ်အရွယ် ဦးရမ်ဒိတ်အာတို့ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ကလေးမြို့၊ မြောက်ဆုံကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့စဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့ #ကျောင်းတိုက် #ဆည်တော်ဦးရွာ #လေကြောင်းပစ်ခတ် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10