ကလေးမြို့မှာ စစ်တပ်ကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်လို့ ရဲဘော် ၂ ဦးနဲ့ ကလေးတွေအပါ အရပ်သား ၅ ဦး သေဆုံး

ကလေးမြို့မှာ စစ်တပ်ကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်လို့ ရဲဘော် ၂ ဦးနဲ့ ကလေးတွေအပါ အရပ်သား ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ပျဥ်းတော်ဦးရွာနဲ့ညောင်ကုန်းရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးထိမှန်လို့ ကာကွယ်ရေးရဲဘော် ၂ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၄ ရက် မနေ့ညနေ ၄နာရီဝန်းကျင်က ပျဥ်းတော်ဦးရွာနဲ့ ညောင်ကုန်းရွာကြားမှာ လက်နက်ကြီးဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပျဥ်းတော်ဦးရွာက ၄ ဦး၊ ညောင်ကုန်းရွာက ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အဘိုးတယောက်ကကျ သူ့ခြံထဲမှာကျတာ ပွဲချင်းပြီးဆုံးတယ်။ အမကြီးတယောက်ကကျ ဗုံးစထိပြီး လည်ပင်းတွေမှာ သွေးအသားကုန်ထွက်တာ။ ချက်ချင်းမသေဘူး၊ ညနေပိုင်းကျမှ သေတာ။ ကလေးတွေလည်း သေတယ်”လို့ ညောင်ကုန်းရွာသားတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ ညောင်ကုန်းရွာက အသက် ၄၀ ဝန်းကျင် အမျိုးသမီး ကျိန်ငိုက်ခေါလ် (Cing ngaih khawl)နဲ့ ပျဥ်းတော်ဦးရွာက အသက် ၈၈နှစ်အရွယ် ဦးငင်းဇထန်၊ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် မနေ့ကညနေပိုင်းမှာပဲ စစ်ကောင်စီဘက်ကချတဲ့ ဒရုန်းဗုံးသီး ထိမှန်လို့ ပျဥ်းတော်ဦးရွာတဝိုက်မှာ ကင်းလုံခြုံရေးလုပ်ဆောင်နေတဲ့ ရဲဘော် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

“ရဲဘော်တွေက ကင်းမှာ ဒရုန်းချခံရတာ၊ တယောက်က မနေ့ကကျတယ်။ ခြေထောက်ကို ဆိုးဆိုးရွားရွားထိတဲ့ နောက်တယောက်က ခုပဲ ကျသွားပြီ” လို့ တပ်ဖွဲ့နဲ့ နီးစပ်သူဒေသခံတဦးက ပြောပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးနဲ့နေ့စဥ်ပစ်ခတ်နေပြီး ပြီးခဲ့တဲ့ ဧပြီ ၂၁ရက်ကလည်း ကလေးမြို့နယ် မြောက်ပိုင်း၊ ယောက်ချိုကွင်းရွာက စစ်ရှောင်ပြည်သူတွေရှိတဲ့နေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကလေး #စစ်တပ် #ဒရုန်း #လက်နက်ကြီး #အရပ်သား #ရဲဘော် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10