ကလေးမြို့မှာ စစ်တပ်က အမျိုးသားတွေကိုဖမ်းဆီးပြီး စစ်သင်တန်းတက်ဖို့ပို့    ■ သိန်းရာချီတောင်းပြီး လူပြန်ရွေးခိုင်းတာတွေလည်းရှိနေ

ကလေးမြို့မှာ စစ်တပ်က အမျိုးသားတွေကိုဖမ်းဆီးပြီး စစ်သင်တန်းတက်ဖို့ပို့ ■ သိန်းရာချီတောင်းပြီး လူပြန်ရွေးခိုင်းတာတွေလည်းရှိနေ

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အောက်တိုဘာ ၁၆ ရက်လောက်ကစတင်ပြီး စစ်ကောင်စီတပ်သားတွေက အမျိုးသားတွေကိုဖမ်းဆီးကာ စစ်သင်တန်းကိုပို့နေတယ်လို့ ဒေသခံတွဆီက သိရပါတယ်။ 

အိမ်စီးကားနဲ့ သံပြားကာကားတွေသုံးပြီး ကလေးမြို့ရဲ့လမ်းမကြီးတွေပေါ်၊ လမ်းကြိုလမ်းကြားတွေထဲအထိဝင်ပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။  

"အခုရက်ပိုင်း တအားဆိုးနေတယ်။ လူငယ်ဖြစ်ဖြစ် လူလတ်ပိုင်းတွေဖြစ်ဖြစ် ဆိုင်ကယ် ၂ ယောက်စီးတာတွေ့ရင် လမ်းမကြီးတွေရော ရပ်ကွက်ကြိုကြား၊ လမ်းကြိုလမ်းကြားပါမကျန် အရပ်ဝတ်တွေ အိမ်စီးကားတွေလှည့်ပတ်ပြီး တွေ့တဲ့သူအကုန်ဆွဲနေတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။  

ဖမ်းဆီးခံရသူတွေကို စုပေါင်းရုံးဝန်းရှိ အရှေ့ရဲစခန်းကိုခေါ်သွားပြီး မိသားစုတွေလိုက်သွားရင် အိမ်ထောင်စုစာရင်းတောင်းကာ အသက်မပြည့်မှ ပြန်လည်လွှတ်ပေးပြီး ၁၈ နှစ်ပြည့်ပြီးသူတွေကို စစ်မှုထမ်းသင်တန်းကို ပို့တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်မှုမထမ်းချင်ရင် ကျပ်သိန်း ၁၀၀ လောက်အထိတောင်းပြီး လူပြန်ရွေးခိုင်းတာတွေလည်း ရှိကာ လက်ရှိမှာတော့ ငွေမပေးနိုင်သူအများစု ဖမ်းဆီးခံထားရပြီး သူတို့ကို ရဲစခန်းကတဆင့် ကလေးမြို့မြောက်ပိုင်း၊ မော်လိုက်ကလေးထောင်အနီးက အမှတ် ၁၀ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၀)ထဲကို ပို့ဆောင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ အမျိုးသားတွေကိုသာဖမ်းဆီးထားပြီး နောက်ပိုင်းမှာ အမျိုးသမီးတွေကိုပါ ဖမ်းဆီးဖို့ပြင်ဆင်နေတယ်လို့ ဖမ်းဆီးမှုကပြန်လွတ်လာသူတွေရဲ့ပြောပြချက်ကို ကိုးကားပြီး အထက်ပါဒေသခံက ပြောပါတယ်။ 

“ပါသွားတဲ့ ကလေးတွေပြောတာတော့ နောက်ဆို မိန်းကလေး ၂ ယောက်စီးတာကအစ မိန်းကလေးတွေကိုလည်း ဆွဲတော့မယ်လို့ပြောတာပေါ့နော်။ သူတို့(စစ်တပ်) ကိုယ်တိုင်ပြောတာပေါ့နော်။ မိန်းကလေးတွေ ၂ ယောက်စီးလာရင်လည်း ဖမ်းတော့မယ်ဆိုပြီးမှ ပြောတယ်။”လို့ ဆိုပါတယ်။ 

လေ့ကျင့်ရေး ၁၀ တပ်ထဲမှာ စစ်မှုထမ်းအပတ်စဉ် ၆ အထိပေးထားပြီး အပတ်စဉ် ၇ ကနေစတင်ကာ မိန်းကလေးတွေကိုပါ ထည့်သွင်းမယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ကလေးမြို့အဝင်အထွက်တွေကိုလည်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဆီ သွားလာလုပ်ကိုင်နေရသူတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပုံစာ - ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များအား တတက ၁၀ သို့ ပို့ဆောင်စဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ကလေးမြို့ #စစ်မှုထမ်း #လူငယ်လူလတ် #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10