ကလေးမြို့အမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ မိဘ ၂ ဦးသေ၊ ၃ နှစ်အရွယ် ကလေး ၁ ဦးကျန်

ကလေးမြို့အမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ မိဘ ၂ ဦးသေ၊ ၃ နှစ်အရွယ် ကလေး ၁ ဦးကျန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို ပစ်ခတ်တာကြောင့် စီးစံကျေးရွာရှိမိသားစုကို ထိမှန်ကာ လင်မယား ၂ ဦး သေဆုံးခဲ့ပြီး ၃ နှစ်အရွယ်ကလေး ၁ ဦး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင်လ ၁၃ ရက် မနေ့ည ၈ နာရီခွဲကနေ ၁၀ နာရီထိ ကလေးမြို့ပေါ် အမြောက်တပ်ကနေ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး စီးစံ၊ စက္ကန့်၊ မြို့လှ၊ ရှားတော စတဲ့ကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

“ရွာအဝင်နားက တမိသားစုလုံးထိတယ်။ အိမ်ထောင်ဦးစီးက ဗိုက်အူတွေထွက်ပြီး ညတွင်းချင်းပဲ လင်မယား ၂ ယောက်လုံး ဆုံးသွားပြီ။ သားလေးတယောက်တည်း ကျန်ခဲ့တော့တာ။ ကလေးက အဆင်ပြေပြီ၊ မစိုးရိမ်ရတော့ဘူး” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ စီးစံရွာက အသက် ၂၅ နှစ်အရွယ် ဦးလာလာလ်နဲ့ ဇနီးဖြစ်သူသေဆုံးကာ ၃ နှစ်အရွယ် သားဖြစ်သူလည်း ဦးခေါင်းဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ အလားတူ စီးစံရွာခံ အမျိုးသမီးတဦးလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက္ကန့်ကျေးရွာထဲလည်း လက်နက်ကြီးထိမှန်ကာ ရွာသား ၃ ဦး ဒဏ်ရာရခဲ့ပြီး ရှားတောနဲ့ မြို့လှမှာတော့ ရွာထဲကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူနဲ့နေအိမ် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း ချင်းပြည်နယ်၊ သိုင်းငင်းစခန်းသိမ်းပွဲကို ပစ်ကူပေးတဲ့ လက်နက်ကြီး ၂ လုံးက ကလေးမြို့ပေါ် ရပ်ကွက်ထဲကို ကျရောက်ခဲ့လို့ တောင်ဖီလာရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသမီးတဦး လည်ပင်းထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးလင်မယားနဲ့ လက်နက်ကြီးထိမှန်သည့်အိမ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ကောင်စီ #အမြောက်တပ် #လက်နက်ကြီး #ကလေး #စီးစံရွာ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10