ကလေးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၂ ရက်အတွင်း ၉ ဦးသေဆုံးခဲ့တယ်လို့ဆို

ကလေးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၂ ရက်အတွင်း ၉ ဦးသေဆုံးခဲ့တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ခရိုင်ဆည်မြောင်းရုံးနဲ့သစ်တောရုံးမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးခဲ့တယ်လို့ ကလေး UG တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဖေဖော်ဝါရီလ ၈ ရက်ည ၈ နာရီခန့်မှာ ဆည်မြောင်းရုံးထဲကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးကို ၄၀ မမနဲ့ ၃ လုံးပစ်ခတ်ခဲ့ရာ ၆ ဦးသေဆုံးခဲ့သလို ဖေဖော်ဝါရီလ ၉ ရက်ည ၆ နာရီမှာ အဲဒီရုံးကိုရောက်လာတဲ့ အင်အား ၄၀ ပါစစ်ကြောင်းကို ၄၀ မမနဲ့ ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ ဦးသေဆုံးခဲ့တယ်လို့ ကလေးမြို့မြို့ပြစီမံချက် UG တပ်ရင်း ဦးဆောင်သူရန်မင်းနိုင်က ပြောပါတယ်။
 
"ကျနော်တို့ကပစ်ကတည်းက အနီးကပ်ပစ်တာလေ။ သေဆုံးတာကို မြင်ရတာပေါ့။ ကိုက်သုံးဆယ်လောက်ပဲဝေးတာကို။ ၉ ယောက်သေဆုံးတာကို ကျနော်တို့မျက်စီနဲ့မြင်ပြီးအတည်ပြုခဲ့တာပါ" လို့ ဆိုပါတယ်။
 
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ဒေသကွပ်ကဲရေးစစ်ဌာနချုပ်က ဖြစ်ပြီး သူတို့ဟာ ဆည်မြောင်းရုံးနဲ့သစ်တောရုံးမှာ အထိုင်ချနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်တယ်လို့ ကိုရန်မင်းနိုင်က ပြောပါတယ်။
 
"တိုက်ခိုက်တဲ့အချိန်အတွင်းမှာတော့ စကစတွေဖက်က ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တယ်။ ဒါပေမဲ့ရဲဘော်တွေအထိအခိုက်မရှိခဲ့ဘူး။ မြို့ထဲနဲ့မြို့နားနီးတဲ့အထိုင်ဂိတ်တွေမှာတော့ ဒကစနဲ့တပ်မ ၂၂ ကကောင်တွေများတယ်" လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၆ ရက်မှာလည်း တောင်ဇလပ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်အသစ်ချဖို့ အင်အား ၃၀ ခန့်နဲ့လာကြတဲ့ စစ်ကောင်စီတွေ တိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ်ကြီးတဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
 
 
#မြေလတ်အသံ

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10