ကလေးမှာ စကစနဲ့ပူးပေါင်းပြီး သေနတ်ကိုင်တဲ့ ဘုန်းကြီးကို PDF ကဖမ်းဆီးကာ ခံဝန်နဲ့ပြန်လွှတ်ပေး

ကလေးမှာ စကစနဲ့ပူးပေါင်းပြီး သေနတ်ကိုင်တဲ့ ဘုန်းကြီးကို PDF ကဖမ်းဆီးကာ ခံဝန်နဲ့ပြန်လွှတ်ပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျောင်းထိုင်ဘုန်းကြီးတပါးဟာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ပွိုင့်  ၂၂ အမျိုးအစားပစ္စတို သေနတ် ၁ လက် ကိုင်ဆောင်ထားတာကြောင့် သြဂုတ်လ ၁၀ ရက် နေ့လယ်  ၂ နာရီကျော်မှာ ကလေး PDF နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးပြီး ဝန်ခံနဲ့ လက်မှတ်ထိုးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဩဂုတ်လ ၂၆ ရက်မှာ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ခဲ့ပါတယ်။ 


ဖမ်းဆီးခံရသူမှာ ဒိုးနွယ်ကျေးရွာမှ ကျောင်းထိုင်ဘုန်းကြီး ဥုးသုနန္ဒဖြစ်ပြီး သြဂုတ်လ ၉ ရက်က ကလေးမြို့ပေါ်က မဘသကြီးစိုးတဲ့ မဟာသန္တာရုံကျောင်းတိုက်မှာ ဒကစမှူးနဲ့ အစည်းအဝေးလုပ်ပြီး ဒိုးနွယ်ရွာကို ပြန်လာချိန် ကလေး - ဂန့်ဂေါလမ်းပိုင်း တနေရာအရောက်မှာ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း)၊ PDF - Kalay တပ်ရင်း(၅)နဲ့ ကျေးရွာ ပအဖအဖွဲ့တို့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"ဥုးသုနန္ဒစီးလာတဲ့ ကားထဲမှာ မြို့ထဲကနေ လမ်းကြုံလိုက်ပါလာတဲ့ ဘုန်းကြီး ၃ ပါးနဲ့ အမျိုးသမီး ၁ ယောက်ပါတယ်။ သူတို့ကိုတော့ ဘာမှမလုပ်ဘဲ ချက်ချင်းပြန်လွတ်ပေးတယ်။ ဥုးသုနန္ဒကိုတော့ စစ်ဆေးမေးမြန်းဖို့အတွက် ခေတ္တခေါ်ယူခဲ့တယ်" လို့ ကလေးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲမှူးအောင်ကြီး က ပြောပါတယ်။ 

ကျောင်းထိုင်ဘုန်းကြီး ဥုးသုနန္ဒကို စစ်ဆေးမေးမြန်းရာမှာ မဟာသန္တာရုံကျောင်းတိုက်ကိုသွားပြီး စစ်ကောင်စီ စစ်သားတွေနဲ့ တွေ့ဆုံခြင်း၊ လွန်ခဲ့တဲ့ ၄ လခန့်ကလည်း ဒိုးနွယ်ကျေးရွာက ဦးဝင်းမောင်၊ ဦးဇော်လွင်၊ ဦးဘိုဝင်းတို့နဲ့ အတူ ကမ္ဘာနီတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဗိုလ်မှူးနဲ့ သွားရောက်တွေ့ဆုံရာ စကစ စာသင်ကျောင်းတွေ ဖွင့်လှစ်ရန်နဲ့ NUGအစိုးရ စာသင်ကျောင်းတွေ မဖွင့်လှစ်ရန်တို့ကို တင်ပြတိုင်ပင်ခဲ့ခြင်း၊ ၎င်းထံမှာ ပွိုင့် ၂၂ အမျိုးအစား ပစ္စတိုသေနတ် ၁ လက် ရှိခြင်းတို့ဟာ မှန်ကန်ကြောင်းထွက်ဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

ဥုသုနန္ဒကို ၂ ရက်ကြာ စစ်ဆေးမေးမြန်းပြီးနောက် သြဂုတ်လ ၁၂ ရက်မှာ ကတိခံဝန်ချက် ၄ ချက်ဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ လုံးဝမဆက်သွယ်ခြင်း၊ ကိုင်ဆောင်ထားတဲ့ ပစ္စတို ၁ လက်ကို ကာကွယ်ရေးအဖွဲ့ဆီ အပ်နှံခြင်း၊ ဒိုးနွယ်ကျေးရွာကနေ အပြင်ထွက်သွားမယ်ဆိုရင် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေကို သတင်းပို့ပြီးမှ သွားခြင်း၊ ဒီခံဝန်ကတိကို ဖောက်ဖျက်ရင် အပြစ်ပေးခံရမှာဖြစ်ကြောင်း စတာတွေကို လက်မှတ်ထိုးပြီး ပြန်လွတ်ပေးလိုက်တယ်လို့ ရဲမှူး အောင်ကြီး က ပြောပါတယ်။


ဒါ့အပြင် ဖမ်းမိချိန်မှာ သိမ်းဆည်ရရှိခဲ့တဲ့ ဥုသုနန္ဒရဲ့ ဖုန်းနဲ့Laptopတို့ကို စစ်ဆေးကြည့်ရာ စာသင်ကျောင်းတွေကို PDF တွေက မိုင်းခွဲတာဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာ NLD က သွေးထိုးလှုံ့ဆော်လို့ ဖြစ်ကြောင်း၊ PDF တွေဟာ တာလီဘန်တွေထက်ပင် ဆိုးသွမ်းတဲ့ အကြမ်းဖက်သမားတွေဖြစ်ကြောင်း အစရှိတဲ့ NUG အစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ပြီး စစ်ကောင်စီကို အားပေးထောက်ခံတဲ့ စာသားမှတ်တမ်းတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မှတ်တမ်းဓါတ်ပုံတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မှတ်တမ်းတွေ၊ ဆက်သွယ်ရေး စက်လိုင်းနာမည်တွေ မှတ်သားထားတာကိုပါ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲမှူးအောင်ကြီး က ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #ကျောင်းထိုင်ဘုန်းကြီး #စစ်ကောင်စီ #PDF #သေနတ်ကိုင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10