ကလေးမှာ ပန်းပန်တဲ့ အမျိုးသမီးတွေ ဖမ်းဆီးခံရ

ကလေးမှာ ပန်းပန်တဲ့ အမျိုးသမီးတွေ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ပန်းရောင်းသူနဲ့ ပန်းဝယ်သူတချို့ကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ကလေးမြို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇွန်လ ၁၉ ရက် ဒီနေ့မနက် ၈ နာရီလောက်က ကလေးမြို့မဈေးမှာ အမျိုးသမီး ၃၀ လောက်ကို ပန်းပန်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ပန်းပန်သူ အကုန်ဖမ်းသွားတာ၊ အဖမ်းခံရတာများတယ်၊ ကလေး မြို့မဈေးထဲမှာတင် ဈေးသည်နဲ့ ဈေးဝယ် ပန်းပန်သူ  ၃၀ လောက်ကို ကား ၂ စီးနဲ့တင်ပြီး ရဲစခန်းဖမ်းခေါ်သွားတယ်။ ပုံမှန်လည်းဒီလို ပန်နေကြတယ်ဗျာ၊ ဈေးသည်ဆိုတော့ သနပ်ခါးလေး ပန်းလေးနဲ့သပ်သပ်ရပ်ရပ် ရောင်းကြတာ" လို့ ကလေး ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေထဲက အမျိုးသမီးတချို့ကို နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပေမယ့်  နှင်းဆီပန်းပန်ထားတဲ့ သူတွေကိုတော့ မလွှတ်ပေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေက ဘယ်သူဘယ်ဝါဆိုတာနဲ့ သူတို့နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

ကလေးမြို့ပေါ်မှာလည်း အစစ်ဆေးတွေ ပိုမိုတင်းကြပ်နေပြီး အထက ၂ စာသင်ကျောင်းရှေ့၊ စကားလှကျောင်း၊ ကလေးလမ်းဆုံ စတဲ့နေရာတွေမှာ စစ်ကောင်စီအင်အား အများအပြားနဲ့ စစ်ဆေးနေပြီး တာဟန်းရပ်ကွက်ထဲမှာလည်း စစ်ကား ၅ စီးနဲ့ ကင်းပတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက်ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့် မွေးနေ့အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပန်းသပိတ်ဆင်နွှဲတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #အမျိုးသမီး #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10