သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ထိလို့ ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၅ ရက် မနက် ၈နာရီဝန်းကျင်မှာ ကလေး-တမူးလမ်းမပေါ် ရှိ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၀)ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လက်ပံချောင်းရွာ B ရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဒေါ်ဇန်ဘွဲ့စုံ (Nu Zanng Bawi Sung) ဟာ ဦးခေါင်းမှာထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဦးဗူးလာ ကတော့ မျက်နှာမှာထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
လက်ပံချောင်းရွာက ဒေသခံအမျိုးသားတဦးက "ဖွလံကျဲ(လက်နက်ကြီးကျ)တဲ့အိမ်က အမျိုးသားက မစိုးရိမ်ဒဏ်ရာ၊ ဒလက်သံကြားလို့ ၀ပ်လိုက်လို့ အသက်ဘေးကလွတ်တာ။ အမှန်တကယ် သေဆုံးတာက ဘေးအိမ်က မီးဖိုချောင်၀င်နေရင်း လက်နက်ကြီးကျလို့ ဆင်းလာတဲ့သူက ဦးခေါင်းကိုထိတာ။ ပွဲချင်းပြီးတော့ မဟုတ်ဘူး။"လို့ မြေလတ်အသံကို ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဦးဗူးလာဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲ ဆေးကုသမှုခံယူနေရပြီး ဦးခေါင်းကိုထိမှန်ပြီး ဆုံးသွားတဲ့ ဒေါ်ဇန်ဘွဲ့စုံကတော့ ညနေ ၄နာရီမှာ သင်္ဂြိုဟ်တယ်လို့ သူက ဆက်ပြောပြပါတယ်။
စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ ၁၂၂ မမဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက ခန့်မှန်းပြောပြီး စစ်ကောင်စီက လက်ပံချောင်းရွာဘက်မှာ ဘာတိုက်ပွဲမှမရှိဘဲ ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။
လက်ပံချောင်းရွာဟာ အိမ်ခြေ ၂,၃၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတရွာဖြစ်ကာ Group A ကနေ E အထိ အုပ်စု ၅ စု သတ်မှတ်ထားပြီး အခုလက်နက်ကြီးကျတာကတော့ Group B ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် လက်ပံချောင်းရွာ Group B က ဦးလာရိုခုမ်နဲ့ အမျိုးသားတဦးတို့ဟာ ခြေထောက်နဲ့မျက်နှာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဇန်နဝါရီ ၃ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၆,၁၀၆ ဦး သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း - ကိုစည်သူ၊ စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #လက်နက်ကြီး #အရပ်သားသေဆုံး
Share Share Share