ကလေးမှာ လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး၊ ၅ ရက်အတွင်း သေဆုံးသူ ၃ ဦးရှိ

ကလေးမှာ လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး၊ ၅ ရက်အတွင်း သေဆုံးသူ ၃ ဦးရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ဇွန်လ ၂၀ ရက် ဒီနေ့မှာလည်း လက်နက်ကြီးစထိမှန်ပြီး အမျိုးသားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်က ကလေးမြို့ လက်နက်ကြီးတပ်ရင်း - ၃၆၅ နဲ့ ခလရ  ၂၂၈ တပ်ကနေ ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ၅ လုံးပစ်ခတ်ခဲ့ရာမှာ သာစည်ကျေးရွာထဲကို တလုံးကျရောက် ပေါက်ကွဲတာကြောင့် ကိုနိုင်(အမည်လွှဲ) အသက် ၂၃ နှစ်မှာ သေဆုံးခဲ့တာပါ။ 

“အစောနကပဲ လက်နက်ကြီးကျလို့ သာစည်က တယောက်သေသွားပြီ၊ သူ့အိမ်အရှေ့ဘက်အိမ်ဝန်းက ပိန္နဲပင်ကိုထိတာမှာ လက်နက်ကြီးအစက ရင်ဘတ်ကိုလာမှန်ပြီး ပေါက်ထွက်သွားတာ”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် သာစည်ကျေးရွာက နောက်ထပ် အမျိုးသမီးတဦးလည်း ဒဏ်ရာရရှိခဲ့ပြီး သူနဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။ 

ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးစထိမှန်ပြီး ဇွန် ၁၆ ရက်မှာ သာစည်ရွာက ကလေးငယ်တဦး၊ ဇွန် ၁၈ ရက်မှာ ထိုမာရွာက အမျိုးသားတဦး၊ အခု ဇွန် ၂၀ ရက်မှာ သာစည်ရွာက အမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ၅ ရက်အတွင်း ပြည်သူ ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာအပြင်းထန် ရရှိထားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုတွေကို ကလေးမြို့ လက်နက်ကြီးတပ်ရင်း - ၃၆၅၊ ခလရ  ၂၂၈၊ ဒကစ၊ အဖွဲ့စက်ရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ် စတဲ့နေရာတွေကနေ နေ့စဉ်ပစ်ခတ်နေတာဖြစ်ပြီး ဇွန်လ ၁၄ ရက်ကနေ ၂၀ ရက် ဒီကနေ့အထိ တပတ်အတွင်း လက်နက်ကြီး ၃၇ လုံး ပစ်ခတ်ထားတာလည်း ဖြစ်ပါတယ်။

ခုလို ပစ်ခတ်နေတာဟာ အခုနှစ် ဧပြီလပိုင်းကတည်းက ဖြစ်သလို မေလ အတွင်းကစလို့ နေ့တိုင်းနီးပါး ပစ်ခတ်လာတာကြောင့် ရေလဲဦး၊ ပေါက်ခုံ၊ သာစည်၊ ဇင်းကလင်း၊ ချင်းဆိုင်၊ ထိုမာ စတဲ့ ကျေးရွာက ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

ပုံစာ - ဇွန်လ ၂၀ ရက်တွင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည့် သာစည်ရွာမှ အမျိုးသားတဦး။

စာတည်း - လင်း

#စစ်ကိုင်း #ကလေးမြို့တောင်ပိုင်း #သာစည်ကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသားသေဆုံး

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10